မုံရွာမြို့နှင့်ဘုတလင်မြို့တို့တွင် တန်ဖိုးသင့်စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ  လှည့်လည်ရောင်းချပေး

မုံရွာ စက်တင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်စီစဉ်မှု၊ မုံရွာခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ကြီးကြပ်မှုနှင့်အတူ မုံရွာမြို့နယ် တန်ဖိုးသင့် စားသောက်ကုန် ရောင်းချရေးကော်မတီမှ ဒေသခံပြည်သူများ သက်သာချောင်ချိရေးအတွက်  တန်ဖိုးသင့် စားသောက်ကုန်များကို  အရောင်းဆိုင်ရွေ့လျားယာဉ်ဖြင့်  နေ့စဉ်ရောင်းချပေးလျက်ရှိရာ ယမန်နေ့နေ့ နံနက် ၁၀ နာရီ အချိန်က မုံရွာမြို့ နန္ဒဝန်ရပ်ကွက်တွင် ရောင်းချပေးခဲ့ကြရာ အဆိုပါရပ်ကွက်ရှိ ဒေသခံပြည်သူများ ဝမ်းမြောက်စွာ လာရောက်ဝယ်ယူအားပေးခဲ့ကြကြောင်း သိရသည်။

 မုံရွာမြို့နယ် တန်ဖိုးသင့် စားသောက်ကုန် ရောင်းချရေးအဖွဲ့အနေဖြင့် အိမ်ထောင်စု တစ်စုအတွက် ဆန်တစ်ပြီ၊ ဆီ တစ်ဆယ်သား၊ ကြက်သွန်နီ အစိတ်သား၊ အာလူး အစိတ်သားပါ ( ၄ )မျိုး အတွက် စုစုပေါင်း ကျသင့်ငွေကျပ်  ၃၀၀၀ နှုန်းဖြင့် ဒေသခံများ သက်သာချောင်ချိရေးနေ့စဉ် တစ်ရက်လျှင် အိမ်ထောင်စု ၃၀၀ အတွက် ရောင်းချပေးခဲ့လျက်ရှိကြောင်းသိရပြီး လာမည့်ရက်များတွင် အခြားသော မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၈ နာရီအချိန်က  ဘုတလင်မြို့နယ် တန်ဖိုးသင့် စားသောက်ကုန်များ စနစ်တကျရောင်းချရေးအဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ဒေသခံပြည်သူများသည် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူအားပေးနိုင်ရေးအတွက် ဘုတလင်မြို့မြဝတီရပ်ကွက်သို့ သွားရောက်ရောင်းချပေးခဲ့ရာ ဒေသခံပြည်သူများ ဝမ်းမြောက်စွာ ဝယ်ယူအားပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်