လက်တွေ့ဘဝနှင့်ပေါင်းစပ်/ဆက်စပ်သင်ယူနိုင်သော စဉ်းစားတွေးခေါ်သင်ကြားပို့ချပေးနိုင်သော ဆရာ/ဆရာမကောင်းများဖြစ်အောင်ကြိုးစားကြစေလို

ဘားအံ စက်တင်ဘာ ၁၃

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဘားအံပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင် အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၈/၂၀၂၂) သင်တန်းသား၊ သင်တန်းသူများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

တွေ့ဆုံပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မောင်တို့မယ်တို့သည် သမရိုးကျဆရာ/မများအဖြစ် မဟုတ်ဘဲ ခေတ်ကတောင်းဆိုသော ဆရာ/မများဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ မိမိတို့ပြည်နယ်၏ ပညာရေးဖွံ့ဖြိုးတိုးတက်မှု၊ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်နိုင်ရန်အတွက် သင်တန်းတွင် ကြိုးစားသင်ယူသွားကြဖို့လိုကြောင်း၊ လက်တွေ့ဘဝနှင့်ပေါင်းစပ်/ဆက်စပ်သင်ယူနိုင်သော စဉ်းစားတွေးခေါ်သင်ကြား ပို့ချပေးနိုင်သော ဆရာ/ဆရာမကောင်းများဖြစ်အောင် ကြိုးစားကြစေလိုပြီး ပြည်နယ်၏အကျိုး၊ နိုင်ငံ၏အကျိုးကို သယ်ပိုးရွက်ဆောင်နိုင်သူများဖြစ်ကြပါစေကြောင်း ပြောကြားသည်။

ထို့နောက် ဘားအံပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးဒေါ်အေးအေးမြင့်က သင်တန်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းပြောကြားပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ် ပညာသင်တန်း အမှတ်စဉ်(၈/၂၀၂၂)တွင် တက်ရောက်လျက်ရှိသော သင်တန်းသား(၁၉)ဦး၊ သင်တန်းသူ(၁၇၆)ဦး စုစုပေါင်း (၁၉၅)ဦးအတွက် တစ်ဦးလျှင်ငွေကျပ် နှစ်သောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ်(၃၉)သိန်းကို ထောက်ပံ့ပေးအပ်ကာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယင်းနောက် သင်တန်းသား/သင်တန်းသူများက ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် သီဆိုဧည့်ခံဖျော်ဖြေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသား/သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် သင်တန်းသား၊သင်တန်းသူများသည် ဘားအံမြို့၏အထင်ကရနေရာများ ဖြစ်သော ကန်သာယာအနီးရှိ ဇွဲကပင်ပန်းခြံနှင့် ဦးပေါက်တံတားတို့အား လှည့်လည်ကြည့်ရှု လေ့လာလည်ပတ်ခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)