ကရင်ပြည်နယ်၌ ၂၀၂၁ ခုနှစ်တွင် ယာဉ်မတော်တဆမှု (၁၇၀) မှု၊ ဒဏ်ရာရရှိသူ (၂၂၆) ဦးနှင့် သေဆုံးသူ(၈၉)ဦးရှိခဲ့ပြီး ယာဉ်မောင်းသူကြောင့်အများဆုံးဖြစ်

ဘားအံ စက်တင်ဘာ ၁၃

ယာဉ်မောင်းသူအပါအဝင် စီးနင်းသူများအားလုံး ခရီးစဉ်အစအဆုံး အသက်ကယ်ထိုင်ခုံခါးပတ် ပတ်စေရေး၊ ယာဉ်မောင်းသူများ သတ်မှတ်လိုင်စင်ဖြင့်မောင်းနှင်စေရေးနှင့် အရက်သေစာ သောက်စားမောင်းနှင်မှုမရှိစေရေးအတွက် ယာဉ်ရပ်နားစခန်းတွင်သာမက ကြားစခန်းများတွင်လည်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် ပညာပေးစစ်ဆေး အရေးယူမှုများ ဆောင်ရွက်ရန်လိုကြောင်း ကရင်ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)တွင် ကျင်းပသည့် ကရင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ပထမအကြိမ် အစည်းအဝေးတွင် ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်၌ ၂၀၂၁ ခုနှစ်တွင် ယာဉ်မတော်တဆမှု(၁၇၀)မှု၊ ဒဏ်ရာရရှိသူ(၂၂၆)ဦး၊ သေဆုံးသူ(၈၉)ဦးရှိခဲ့ပြီး ဖြစ်ပွားမှုများတွင် ယာဉ်မောင်းသူကြောင့်အများဆုံးဖြစ်ပြီး နှစ်ဘီး တပ်ယာဉ်ဖြစ်သည့် မော်တော်ဆိုင်ကယ်ကြောင့်ဖြစ်ပွားမှုမှာ ၃၃ ဒသမ ၅ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ကြောင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာကိစ္စရပ်များကို နိုင်ငံ့ဝန်ထမ်းများကိုယ်တိုင်က စံနမူနာပြလိုက်နာ ကျင့်သုံးစေရေး တွန်းအားပေးဆောင်ရွက်မှသာ ပြည်သူများကပါ လိုက်ပါကျင့်သုံးလာမည်ဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် အထူးအလေးထား လိုက်နာကြရန်လိုအပ်ကြောင်း၊ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေးကောင်စီမှ ချမှတ်ထားသောအထောက်အကူဖြစ်စေမည့် (Quick Win)အစီအမံ(၅)ရပ်ကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများသာမက ပြည်သူအားလုံးကပါ Road Safety အဖြစ် အလေးအနက်ခံယူပြီး တက်တက်ကြွကြွပူးပေါင်း ဆောင်ရွက်နိုင်စေရန် စည်းရုံးလှုံ့ဆော်နိုင်မှသာ အဓိကရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ အတွင်းရေးမှူး၊ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးဒေါ်ခင်ခင်စီမှ ကရင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ActionPlan(2021-2030)ဆိုင်ရာများအား ရှင်းလင်းတင်ပြပြီး တွဲဖက်အတွင်းရေးမှူး အမှတ်(၁၀) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး၊ ဒုတပ်ဖွဲ့ခွဲမှူး၊ ရဲမှူးဟန်မွှေးက ကရင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သောယာဉ်မတော်တဆမှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ကရင်ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအဖွဲ့ဝင် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ယာဉ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာများကို ဆွေးနွေးတင်ပြကြပြီး ကောင်စီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြကာ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အစည်းအဝေးသို့ တက်ရောက်လာသော ခရိုင်အဆင့်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့ဥက္ကဋ္ဌများက အကြံပြုဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကရင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ယာဉ်မတော်တဆမှုများကြောင့် ထိခိုက်သေဆုံးမှု လျော့နည်းစေရေး အတွက် အဖက်ဖက်မှဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)