ပဲခူး စက်တင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၆)ခရိုင်အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေက ခရိုင်အားကစားကွင်း၌ ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အရာရှိများနှင့် ကျောင်းသား/ကျောင်းသူများ၊ ဘောလုံးဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးကြသည်။ ဗိုလ်လုပွဲစဉ်တွင် ပဲခူးခရိုင်အသင်းနှင့် ညောင်လေးပင်ခရိုင် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပဲခူးခရိုင်အသင်းက ညောင်လေးပင်ခရိုင်အသင်းအား (၅)ဂိုး (၃)ဂိုးဖြင့် အနိုင်ရရှိကာ ပထမတံခွန်စိုက်ဆုဖလားအားဆွတ်ခူးရရှိသွားခဲ့သည်။
ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အကောင်းဆုံးဂိုးသမားဆုရရှိသူ ညောင်လေးပင်ခရိုင်မှ မြတ်မင်းကိုအား ဆုတံဆိပ်နှင့်ငွေသားဆု ကျပ်(၁)သိန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးမောင်ကြည်ကလည်းကောင်း၊ အကောင်းဆုံး နောက်တန်းအားကစားသမားဆုရရှိသူ ပဲခူးခရိုင်မှ ချမ်းမြေ့အောင်အား ဆုတံဆိပ်နှင့်ငွေသားဆု ကျပ်(၁)သိန်းကို ဥပဒေချုပ်ဦးခင်မောင်တင့်ကလည်းကောင်း၊ အကောင်းဆုံးအလယ်တန်းအားကစားသမားဆုရရှိသူ ပဲခူးခရိုင်မှ ဟိန်းထွဋ်ဦးအား ဆုတံဆိပ်နှင့်ငွေသားဆု ကျပ်(၁)သိန်းကို တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်ကလည်းကောင်း၊ အကောင်းဆုံးရှေ့တန်းအားကစားသမားဆုရရှိသူ ညောင်လေးပင်ခရိုင်မှ ရဲမင်းမောင်အား ဆုတံဆိပ်နှင့်ငွေသားဆု ကျပ်(၁)သိန်းကို သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းကလည်းကောင်း၊ အကောင်းဆုံးဘောလုံးသမားဆုရရှိသူ ပဲခူးခရိုင်မှအောင်ရဲထွဋ်အား ဆုတံဆိပ်နှင့်ငွေသားဆုကျပ်(၁)သိန်းနှင့် ပူးတွဲတတိယဆုရရှိသော နတ်တလင်းခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု ကျပ်(၅)သိန်းကို စီးပွားရေးရာဝန်ကြီးဦးတင်ဦးကလည်းကောင်း၊ ပူးတွဲတတိယဆုရရှိသော သာယာဝတီခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု ကျပ်(၅)သိန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်ကလည်းကောင်း၊ ဒုတိယဆုရရှိသော ညောင်လေးပင်ခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု ကျပ်(၇)သိန်းကို တိုင်းတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်က လည်းကောင်း၊ ပထမဆုရရှိသော ပဲခူးခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုကျပ်(၁၀)သိန်းနှင့် ပထမတံခွန်စိုက်ဆုဖလားအား ပဲခူးတိုင်းဒေကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)