လွိုင်ကော် စက်တင်ဘာ ၁၃
ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးစီး၍ ကယားပြည်နယ်အတွင်းရှိ ဆောင်းနေကြာစိုက်ပျိုး တောင်သူ များအား နေကြာမျိုးစေ့အခမဲ့ ထောက်ပံပေးအပ်ခြင်းနှင့် ယူရီးယားဓါတ်မြေဩဇာများကို သက်သာ သောနှုန်းထားဖြင့် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ကယားပြည်နယ် ခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လှမိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အသီးသီးမှတာဝန်ရှိသူများနှင့် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို မြို့နယ်များရှိ နေကြာစိုက်တောင်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် က နိုင်ငံ့စီးပွား ပြန်လည်မြှင့်တင်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသော စိုက်ပျိုးရေးကဏ္ဍကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်းတွင် အဓိကသီးနှံများနှင့် ဆီထွက်သီးနှံဖြစ်သည့် နေကြာစိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်း ကောင်းစေသည့် နည်းလမ်းများကို အသုံးပြုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ခေတ်မီနည်းစနစ်များဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးကို ရှေ့ရှုပြီးလုပ်ငန်းလိုအပ်ချက်များကို စိုက်ပျိုးရေးရာသီများအလိုက် ကဏ္ဍမျိုးစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လှမိုးက ပြည်သူ့အကျိုးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့များက ပြည်သူနှင့်အတူ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသန်းလှိုင် က စိုက်ပျိုး သီးနှံအထွက်တိုးစေရန် မျိုးကောင်းမျိုးသန့် သုံးစွဲခြင်းနှင့် နေကြာသီးနှံစနစ်တကျစိုက်ပျိုးခြင်း၊ နွေစပါးတစ်ဧကတင်း(၁၀၀)ထွက်ရှိရေး လိုက်နာဆောင်ရွက်ရမည့်နည်းစနစ်များ အကြောင်းကို ရှင်းလင်း တင်ပြခဲ့သည်။
ယင်းနောက် ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူတို့က လွိုင်ကော်မြို့နယ်ရှိ မထောခူကျေးရွာ၊ လောဓလေးကျေးရွာ၊ နွားလဝိုးကျေးရွာ၊ ဒီးမော့ဆိုမြို့နယ်ရှိ နန်းမယ်ခုံကျေးရွာ၊ အိုကေကျေးရွာ၊ ဒေါဘူးကူးကျေးရွာ၊ မြလဲကျေးရွာ၊ ဆောင်ဒူရွာသစ်ကျေးရွာနှင့် ဖရူဆိုမြို့နယ် ထီးပေါ်ဆိုကျေးရွာ အုပ်စုရှိတောင်သူများအား နေကြာမျိုးစေ့ အခမဲ့ထောက်ပံ့ပေးအပ်ခြင်းနှင့် ယူရီးယားဓါတ်မြေဩဇာများကို သက်သာနှုန်းထားဖြင့် တောင်သူများ၏ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။
ယင်းနောက် Good Brother’s Co.Ltd မှ တင်သွင်းထားသည့် နေကြာဆီကြိတ်စက် အပါအဝင် သီးနှံ အခြောက်ခံစက်များနှင့် ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်အစိုးရ အဖွဲ့၏ ထောက်ပံ့ပေးအပ်မှုများအတွက် နေကြာသီးနှံစိုက်တောင်သူတစ်ဦး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တာဝန်ရှိသူတို့ နှင့် တောင်သူများက စိုက်ပျိုးရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စိုက်ပျိုးရေးပြခန်းများ၊ နေကြာဆီကြိတ်စက် လက်တွေ့သရုပ်ပြဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယနေ့အခမ်းအနားတွင် ပြည်နယ်အတွင်း ဆောင်းနေကြာစိုက်ဧက (၂၃၀၁) ဧကအတွက် နေကြာမျိုးစေ့များ အခမဲ့ထောက်ပံ့ပေးခြင်း၊ ယူရီးယားဓါတ်မြေဩဇာများကို နိုင်ငံတော်မှ သတ်မှတ်ဈေးဖြင့်ဈေးနှုန်းသက်သာစွာ ဖြန့်ဝေပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)