မြိတ် စက်တင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျောင်းသား/သူများအား အစားအစာ ဘေးကင်းလုံခြုံမှုစေရှိရေးအတွက် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ ဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက အထက (၉) အောင်မင်္ဂလာကျောင်းတွင် အသိပညာပေး ဟောပြောခဲ့ကြပြီး ကျောင်းမုန့်ဈေးတန်းအား စစ်ဆေးခဲ့ကြောင်း သိရသည်။
“အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီက အစားအစာ ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် အဓိကထားပြီးတော့ အသိပညာပေး ဟောပြောခြင်းဖြစ်ပါတယ်။ ကျောင်းမုန့် ဈေးတန်းကို စစ်ဆေးတဲ့အခါမှာ တစ်လတစ်ကြိမ် ကျောင်းကျန်းမာရေးအဖွဲ့မှ စစ်ဆေးတဲ့ အတွက် ကောင်းမွန်သပ်ရပ်တာကို တွေ့ရပါတယ်။ အဖုံးအအုပ်တွေနဲ့ ပြင်ဆင်ထားတာကို တွေ့ရပါတယ်။ ဆိုးဆေးတွေရှိမယ်လို့ သံသယရှိတဲ့ ဇီးထုတ်နဲ့မက်မန်းယိုတွေကို တိုင်းရုံး (ထားဝယ်) FDA ဓာတ်ခွဲခန်းမှာ ခွင့်မပြုဓာတုဆိုးဆေးများ ပါဝင်ခြင်းရှိ/မရှိ စစ်ဆေးဖို့ နမူနာ ဝယ်ယူခဲ့ပါတယ်” ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တနင်္သာရီတိုင်း ဒေသကြီးဦးစီးမှူး ဒေါ်မေသန်းနိုင်က ပြောသည်။
အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးကြည်က အမှာစကားပြောကြားပြီး စားသုံးသူဘေးကင်းစေရေးအတွက် အစားအစာများတွင် ကုန်ထုတ်ရက်စွဲ၊ ကုန်ဆုံးရက်စွဲ၊ ပါဝင်ပစ္စည်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ထားသိုသိမ်းဆည်းပုံအညွှန်းနှင့် စားသုံးသူ ကာကွယ်ရေးအကြောင်း သိကောင်စရာများကို စားသုံးသူရေးရာဦးစီးဌာန မြိတ်ခရိုင် ဦးစီးမှူး ဦးကျော်မင်းက အသိပညာပေး ဟောပြောသည်။
ထိုနောက် အစားအစာဘေးကင်းလုံခြုံမှုရှိစေရေးအတွက် အစားအစာတွင်ပါဝင်သည့် ခွင့်မပြု ဓာတုဆိုးဆေးများ၊ ခွင့်မပြု ဓာတုတာရှည်ခံဆေးများ၊ သဘာဝဆိုးဆေးများ၊ အစားအသောက် တွင် သုံးစွဲရန်ခွင့်ပြုထားသော ဆိုးဆေးများနှင့် ခွင့်မပြုသည့်ဆိုးဆေးများအကြောင်းကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးက အသိပညာပေးဟောပြောပြီး အသေးစားထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက် နေမှုများနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများအကြောင်း သိကောင်းစရာများကို အသေး စား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးဒေါ်သူသူစံက အသိပညာပေး ဟောပြော သည်။
ဆက်လက်၍ ကျောင်းသား/သူများအား အစားအစာ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် အမေး အဖြေပြုလုပ်၍ ပါဝင်ဖြေဆိုကြသည့် ကျောင်းသား/သူများအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။ ယင်းနောက် အစား အသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဌာနဆိုင်ရာ တာဝန်ရှိသူများက ကျောင်းမုန့်ဈေးတန်းအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)