ကော့သောင်း စက်တင်ဘာ ၁၅
ကော့သောင်းမြို့အနီးအက်ဒမန်ပင်လယ် အတွင်း Crew Change ပြုလုပ်ရန် ဗီယက်နမ်နိုင်ငံမှ လာရောက်သည့် MV SANTA သင်္ဘောပေါ်မှ သင်္ဘောသား(၂၁)ဦး၊ စင်္ကာပူနိုင်ငံမှလာရောက်သည့် M.V YANGZE-7 သင်္ဘောပေါ်မှ သင်္ဘောသား(၅)ဦး ၊အိန္ဒိယနိုင်ငံမှလာရောက်သည့် MV HAN HE သင်္ဘောပေါ်မှ သင်္ဘောသား(၆)ဦး၊ စုစုပေါင်းသင်္ဘောသုံးစီးပေါ်မှ သင်္ဘောသား (၃၂)ဦး Sign off ထွက်လာရာ ယမန်နေ့ ညနေပိုင်းက မြို့မဆိပ်ကမ်းမှတဆင့် ကော့သောင်းမြို့သို့ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်းသိရသည်။
သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် အဆိုပါမြန်မာသင်္ဘောသား(၃၂)ဦးမှာ ကော့သောင်းမြို့ တွင်ကြိုတင် ရောက်ရှိ နေသည့် MV SANTA သင်္ဘော ပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးကြည်ခင်အောင် ပါ သင်္ဘောသား (၂၁)ဦး ၊ M.V YANGZE-7 သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးနိုင်မင်းထွန်း ပါ သင်္ဘောသား (၅) ဦး၊ MV HAN HE သင်္ဘော ပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးကျော်ကိုနိုင် ပါ သင်္ဘောသား (၅)ဦးတို့ဖြင့် တာဝန်လွဲ ပြောင်းယူခဲ့သူများဖြစ်သည်။
သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် မြန်မာသင်္ဘောသား.(၃၂)ဦးအား ဆိပ်ကမ်း၌ တာဝန်ရှိ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လိုအပ်သည့်ကျန်းမာရေး စစ်ဆေး မှုများဆောင်ရွက်ကာ ကော့သောင်းမြို့ တွင် Hotel Quarantine (၂၁)ထားရှိပြီး ၎င်းတို့၏ Swb နမူနာ များအား ရန်ကုန်အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနသို့ ပို့ဆောင် ဓာတ်ခွဲ စစ်ဆေး သွားမည်ဖြစ်ကြောင်းသိရသည်။
ကျော်စိုး(ကော့သောင်း)