ပဲခူး စက်တင်ဘာ ၁၃
ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့များအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေနှင့်ပတ်သက်သည့် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉) နာရီက အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်ဝင်းက လူကုန်ကူးမှုနှင့်စပ်လျဉ်း၍ သတင်းအချက်အလက်ရရှိသည့်အခါ သက်ဆိုင်သူများကို သတ်မှတ်ချက်များနှင့်အညီ စုံစမ်းမေးမြန်းခြင်း၊ ဆင့်ခေါ်၍စစ်ဆေးခြင်း၊ လူကုန်ကူးမှုစိစစ်ဖော်ထုတ်သည့် မှတ်တမ်းကိုပြုစုခြင်း၊ ပုဒ်မခွဲ(က)အရပြုစုသည့် လူကုန်ကူးမှုစိစစ်ဖော်ထုတ်သည့်မှတ်တမ်းကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့သို့တင်ပြခြင်း၊ လူကုန်ကူးခံရသူအား ဘေးအန္တရာယ်ရှိနိုင်ပါက သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ အကူအညီတောင်းခံခြင်းနှင့် မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့သို့ လွှဲပြောင်းအပ်နှံခြင်း၊ လူကုန်ကူးမှုစိစစ်ဖော်ထုတ်သည့်မှတ်တမ်းနှင့်စပ်လျဉ်း၍ လိုအပ်ပါက ထပ်မံစုံစမ်းစစ်ဆေးတင်ပြရန် သက်ဆိုင်ရာမြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့က တာဝန်ပေးအပ်သည့်အခါ စုံစမ်းစစ်ဆေးပြီး အချက်အလက်ပြည့်ပြည့်စုံစုံ ပြန်လည်တင်ပြခြင်း၊ လူကုန်ကူးမှုစိစစ်ဖော်ထုတ်သည့်မှတ်တမ်းနှင့်စပ်လျဉ်း၍ အဖွဲ့ဝင်တစ်ဦးဦးက တရားရုံးတွင် ထိုမှတ်တမ်းကို သက်သေခံအဖြစ်တင်သွင်းနိုင်ခြင်းစသည့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေနှင့်ပတ်သက်၍ အချက်အလက်များကို သက်ဆိုင်ရာမြို့နယ်/ ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့များအား သင်တန်း ပို့ချခဲ့ကြောင်းသိရသည်။
သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)