လေးမျက်နှာ စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ဘိသလွန်ကျေးရွာအုပ်စု ကရင်တော ကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဦးစီးဌာနမှ စတင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)အား မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီ ရွေးချယ်ဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးကျော်သူက မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)သည် ဆောင်းသီးနှံနေကြာ အပါအဝင် ဆီထွက်သီးနှံစိုက်ပျိူးသော တောင်သူများ လိုအပ်လျက်ရှိသည့် မျိူးစေ့၊ သွင်းအားစုနှင့် စိုက်ပျိူး စရိတ်များ ဝယ်ယူသုံးစွဲနိုင်ရေး အတိုးနှုန်းသက်သာသော ချေးငွေများ ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်တွင်းစားသုံးမှု ဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိူးရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် နေကြာအပါအဝင် ဆီထွက်သီးနှံများ စိုက်ပျိူးသော ကျေးရွာအတွင်းရှိ တောင်သူများအား မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေဖြင့် ချေးငွေ ထောက်ပံ့ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း မိတ်ဆက်ရှင်းလင်းခြင်း၊ စီမံကိန်းရည်ရွယ်ချက်များ၊ စီမံကိန်း၏ အကျိူးကျေးဇူးများ၊ ကျေးလက်နေပြည်သူများ၏ ရပိုင်ခွင့်နှင့်တာဝန်များ၊ ကျေးလက်ဥပဒေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်စီမံကိန်း ဆောင်ရွက် ခွင့်ရသော ကရင်တောကျေးရွာ၌ ဆောင်ရွက်မည့် စီမံကိန်းအကြောင်းနှင့် ရန်ပုံငွေကြီးကြပ်မှု ကော်မတီ ရွေးချယ်ရမည့် အချက်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသော ရပ်မိ ရပ်ဖများ၊ ကျေးရွာသူကျေးရွာသားများမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကြီးကြပ်မှု ကော်မတီဝင်များကို ဆန္ဒမဲစနစ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရွေးချယ်ပေးကြသည်။
အဆိုပါ ကရင်တောကျေးရွာတွင် ဆီထွက်သီးနှံစိုက် တောင်သူ(၁၀၀)ဦးနှင့်အထက် ရှိသောကြောင့် မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ) အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်သိန်း (၃၀၀)ထုတ်ချေး ပေးမည်ဖြစ်ပြီး တောင်သူ ၅၀ ဦးမှ ၁၀၀ ဦးအကြားရှိ ကျေးရွာများအား တစ်ရွာလျှင် ကျပ်သိန်း(၂၀၀)၊ တောင်သူ ၅၀ ဦးအထိရှိသော ကျေးရွာများအား တစ်ရွာလျှင်ကျပ်သိန်း(၁၀၀) ထုတ်ချေးပေးသွား မည်ဖြစ်သည်။ လေးမျက်နှာမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း(ဆီထွက်သီးနှံ)ကို ယခု ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းကျေးရွာ ၉ ရွာအထိ ရှိကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)