ဇလွန်မြို့၌လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဇလွန် စက်တင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီတွင် အင်းတရော် ကျေးရွာ အုပ်စု၊ မွှေ့ရပ်ဘုန်းတော်ကြီးကျောင်းတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ဝင်းလွင်ဦးနှင့် စစ်ကြောင်းကြီးငါးကြောင်းမှ ဌာနဆိုင်ရာတာဝန်ရှိသူများက လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မှုအခြေအနေနှင့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ပြည်သူ့ဝန်ဆောင်မှု ဆောင်ရွက်နေမှုများ၊ သတင်းအမှန်များကို လေ့လာ ဖတ်ရူရန်နှင့်၊ ကောလဟာလသတင်းများကို မယုံကြည်ကြရန်၊ ဆီထွက်သီးနှံ နေကြာတိုးချဲ့စိုက်ပျိုးရေးကို အသိပညာပေး ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး (BoosterDose)ထိုးနှံရန် ကျန်ရှိသောပြည်သူများကို ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အသက် ၅ နှစ်မှ ၉ နှစ်အထိ ကျောင်းသား/ကျောင်းသူများအား ဂျပန်ဦးနှောက်အမှေးရောင် ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ စစ်ကြောင်းကြီးငါးကြောင်းက ဇလွန်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ဒေသခံ ပြည်သူများ၏ တင်ပြမှုများအပေါ် ပေါင်းစပ်ညှိ့နှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေယံ

ဇလွန် (ပြန်/ဆက်)