ဗန်းမောက် စက်တင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ (CERP) အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်ကွက်စိုက် တောင်သူများအား မျိုးကွဲပယ်ခြင်း စရိတ်နှင့်မျိုးသန့် စင်စရိတ် ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်က မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးမင်းက အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဟန်စိုးက မိုးစပါးမျိုးစေ့ထုတ်ကွက်စိုက် တောင်သူများအား တစ်ဧကလျင် မျိုးကွဲပယ်ခြင်းစရိတ်နှင့် မျိုးသန့်စင်စရိတ် ၆၅၀၀၀ ကျပ် ၃၅၀ ဧကအတွက် ငွေကျပ် ၂၂၇၅၀၀၀၀ ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တောင်သူများအား လေးစုခွဲပြီး တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း မျိုးစေ့ထုတ်လုပ်ငန်းများနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ဗန်းမောက်မြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်ကွက်စိုက် တောင်သူ ၁၁၉ ဦးတို့၏ လယ်ဧက ၃၅၀ တွင်(CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားရှိရာ ပထမအကြိမ်တွင် တစ်ဧကလျင် ၈၃၅၀၀ ကျပ်နှုန်းဖြင့် ငွေကျပ် ၂၉၂၂၅၀၀၀ ကို ထုတ်ပေးခဲ့ပြီး ယခုဒုတိယအကြိမ်တွင် တစ်ဧကလျင် ၆၅၀၀၀ ကျပ်နှုန်းဖြင့် ငွေကျပ် ၂၂၇၅၀၀၀၀ ကို တောင်သူများ လက်ဝယ်အရောက် စက်တင်ဘာ ၁၂ ရက်မှ ယနေ့ညနေပိုင်း အထိ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျော်စွာ(ဗန်းမောက်)