လောင်းလုံး စက်တင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းခြင်းနှင့်၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများ အစီအစဉ်တင်ပြခြင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ လောင်းလုံးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်က အဖွင့်အမှာစကား ပြောကြားရာ၌ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့်နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ရေးဆွဲတင်ပြခြင်းနှင့် ပတ်သက်၍ ငွေလုံးငွေရင်းအသုံးစရိတ်များ တင်ပြရာတွင် အဆိုပြုတင်ပြစဉ် အချက်အလက်၊ အထောက်အထားများပြည့်စုံရန် လိုအပ်ခြင်း၊ တည်ဆောက်ရေးလုပ်ငန်းများ၌ စီမံကိန်းဆိုင်ရာ အချက်အလက်များ မပြည့်စုံပဲ တင်ပြတောင်းခံခြင်း၊ မြေပြင်အခြေအနေနှင့် အဆောက်အဦဒီဇိုင်းများ ကိုက်ညီမှုမရှိခြင်းနှင့် ကြိုတင်လေ့လာဆန်းစစ်မှု မပြည့်စုံမှုတို့ စိစစ်တွေ့ရှိရ၍ သက်ဆိုင်ရာဦးစီးဌာနအလိုက် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်မည့် လုပ်ငန်းစာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် ရေးဆွဲပေးပို့ရန်၊ မိမိတို့သက်ဆိုင်ရာ ဌာနအလိုက် ပေးအပ်လာသော တာဝန်များကို ကျေပွန်စွာ ထမ်းစေကြစေရန်၊ ဌာနဆိုင်ရာများက လုပ်ငန်းများကို ဆောင်ရွက်ရာ၌ အချင်းချင်း ပူးပေါင်း ဆောင်ရွက်ကြစေရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ သက်ဆိုင်ရာဌာနများနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက မိမိတို့၏ဌာန လုပ်ငန်းလုပ်ဆောင်ချက်အသီးသီးအား တင်ပြဆွေးနွေးကာ မြို့နယ်စီမံအဖွဲ့ဥက္ကဋ္ဌက ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီး အကဲများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများတို့က တက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းသိန်း(လောင်းလုံး)