မအူပင် စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေး အသိပညာပေးခြင်းအနေဖြင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၇ နာရီက လူစည်ကားရာ နေရာများဖြစ်သည့် မြို့မဈေးနှင့် ကမ်းနားလမ်းနှင့် ဘုရားလမ်းထိပ်တို့၌ ဆောင်ရွက်ခဲ့သည်။
ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်စေရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း များ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပြန်/ဆက်ဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ဒေသခံ ပြည်သူများနှင့် ခရီးသွားပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်း ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး ကျန်းမာရေးအသိပညာပေးပြောကြားပြီး နှာခေါင်းစည်း (Mask)များ အခမဲ့ ဖြန့်ဝေခြင်းကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အလားတူ ရွှေတောင်မှော်ကျေးရွာ အုပ်စုနှင့် ရေလဲကလေးကျေးရွာအုပ်စုများရှိ လူစည်ကားရာ ဈေးများတွင်လည်း Mask Campaign များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)