မြဝတီ စက်တင်ဘာ ၁၃
“လူကုန်ကူးမှုတိုက်ဖျက်ဖို့၊ နည်းပညာအခန်းကဏ္ဍမြှင့်တင် လုပ်ဆောင်စို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများ လူကုန်ကူးခံရခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများနှင့် လူကုန်ကူးခြင်းမခံရစေရန် ကာကွယ်ရမည့် နည်းလမ်းများကို သိရှိလိုသော ရည်ရွယ်ချက်ဖြင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်တို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဇာဖြူဝင်းက ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပေးပြီး အမှတ်(၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်မှ ရဲအုပ်ဇော်ဘုန်းရှိန်က လူကုန်းကူးခြင်းအဓိပ္ပါယ် ဖွင့်ဆိုချက်၊ လူကုန်ကူးသူအများဆုံး အသုံးပြုလုပ်ဆောင်နေသည့် နည်းလမ်းများ၊ လူကုန်ကူးမှုကျူးလွန်ပါက ချမှတ်နိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များ၊ လူကုန်ကူးခံရခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ ကာကွယ်ရမည့် နည်းလမ်းများနှင့်လူကုန်းကူးမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ပိုမိုထိရောက်မှု ရှိကြောင်း အကျယ်တဝင့် ဟောပြောပေးသည်။
ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည့်အချက်များ မေးမြန်းခဲ့ကြရာ အမှတ်(၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်မှ ရဲအုပ်ဇော်ဘုန်းရှိန်က ပြန်လည်ရှင်းလင်း ပေးသည်။ ထို့နောက် မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအတွက် ဗဟုသုတရရှိစေမည့် သုတ/ရသ စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်ပြဘုတ်များကို ခင်းကျင်းပြသပေးပြီး အမှတ် (၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်မှလည်း အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)