ကျွန်းစု စက်တင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် အ.မ.က(မူလွန်) ထိန်ချောင်းကျောင်း၌ ယမန်နေ့နေ့လယ်(၂)နာရီ အချိန်က လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အကြိုဟောပြောပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ဥပဒေနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်လူကုန်ကူးမှုကာကွယ်တားဆီးရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်စုစုလှိုင်က လူကုန်ကူးမှုတိုက်ဖျက်ဖို့ နည်းပညာအခန်း ကဏ္ဍမြှင့်တင်စို့ အကြောင်းအရာများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက လူကုန်ကူးမှုဖြစ်ပေါ်လာသည့် အကြောင်းအရာများနှင့် မြို့နယ် ဥပဒေအရာရှိ ဦးပြည့်ဖြိုးသော်တာက လူကုန်ကူးမှုနှင့်ပတ်သက်၍ ပြစ်မှုပြစ်ဒဏ်များ အကြောင်းကို အသီးသီးဟောပြောခဲ့ကြပြီး ကျောင်းသား /ကျောင်းသူများအား Maskများဖြန့်ဝေပြီး နံရံကပ် စာစောင်များကို ပြသခဲ့သည်။
အလားတူ အ.လ.က(ခွဲ) တီးပူကျောင်းတွင် ညနေ(၃)နာရီ အချိန်က လူကုန်ကူးမှုတိုက်ဖျက်ရေး အကြောင်းဟောပြောခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသသော နံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
စိုးစိုးသွယ် (ကျွန်းစု ပြန်/ဆက်)