လှိုင်းဘွဲ စက်တင်ဘာ ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်း၌ လူကုန်ကူးမှုဆိုင်ရာအသိပညာပေးဟောပြောပွဲ၊ စာစီစာကုံး၊ ကာတွန်း၊ ပန်းချီ၊ သရုပ်ဖော်တင်ဆက်ခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားတွင် အမှတ်(၃) အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ် ခိုင်ခိုင်ဝင်းက မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြင့် ကျောင်းသား၊ ကျောင်းသူလေးများအတွက် စာစီစာကုံးပြိုင်ပွဲ၊ကာတွန်း၊ ပန်းချီပြိုင်ပွဲများနှင့် လူကုန်ကူးမှု အန္တရာယ်အသိပညာပေး သရုပ်ဖော်တင်ဆက်ပြသခြင်းပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပေးခဲ့ပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က လူမှောင်ခို လူကုန်ကူးမှုအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် အတွက် ဆောင်ရန်၊ရှောင်ရန်အချက်များ၊ မိဘ၊ဆရာများ၏ ပြောဆိုဆုံးမသွန်သင်မှုကို နာခံ၍ ပညာကိုကြိုးစားသင်ယူကြရမည့်အကြောင်းများကို ပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ကျောင်းသူလေးများက လူမှောင်ခို၊လူကုန်ကူးမှုအန္တရာယ် ကင်းဝေးစေရေး ဝိုင်းဝန်းစုပေါင်းကာကွယ်ပေး အသိ ပညာပေး သရုပ်ဖော်တင်ဆက်မှုကို စုပေါင်းပြသပေးခဲ့ကြပြီး ၊မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ပန်းချီ၊ကာတွန်းပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အခြေခံပညာမူလတန်း၊အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းမြ၊ ၊မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်ဒေါ်မိုးမိုးသက်၊ မြို့နယ်ရင်ခွင်မဲ့ကလေးစောင့် ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ဇင်မြတ်မူဝင်းထက် နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်တို့က ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသပေးသည့် လူကုန်ကူးမှုအန္တရာယ်နှင့် ကလေးသူငယ်အခွင့်အရေး၊ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ ခင်းကျင်းပြသပေးခဲ့ရာ ကျောင်းသား၊ကျောင်းသူ လေးများက စိတ်ပါဝင်စားစွာဖြင့်လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
လင်းသန့်(ပြန်/ဆက်)