ပခုက္ကူ စက်တင်ဘာ ၁၃
၂၀၂၂ခုနှစ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့ အထိမ်းအမှတ်အဖြစ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းကို ယနေ့နံနက် ၈နာရီအချိန်က ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ကြသည်။
အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေမှုကို ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာနှင့် ဝန်ထမ်းများ၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့(ပခုက္ကူခရိုင်)မှ ရဲမှူးသိန်းဌေးနှင့် တပ်ဖွဲ့ ဝင်များက စုပေါင်းဆောင်ရွက်ကြခြင်းဖြစ်ပြီး ပခုက္ကူမြို့၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းက ကျောင်းသား၊ ကျောင်းသူများထံ လူကုန်ကူးမှုအဓိပ္ပါယ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေများ၊ ပြည်ပအလုပ်အကိုင်များအကြောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေအရ ကျခံနိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းပါဝင်သည့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင် (၁၀၀)ကျော်တို့ကို အခမဲ့ဖြန့်ဝေကြကြောင်း သိရသည်။
ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများမှာ ပြည်ပနိုင်ငံများနှင့်နိုင်ငံအတွင်းရှိ ဒေသအနှံ့အပြားတို့တွင် သွားရောက်အလုပ် လုပ်ကိုင်သူ များပြားစွာရှိသောကြောင့် လူကုန်ကူးမှုခံရခြင်း မရှိစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ပြီး ၂၀၂၂ခုနှစ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့ဆောင်ပုဒ်မှာ "လူကုန်ကူးမှုမှန်သမျှ ပူးပေါင်းဝိုင်းဝန်းဆန့်ကျင့်ကြ" ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)