ဆင်ပေါင်ဝဲ စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဆင်ပေါင်ဝဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့က မွှန်းညောင်ပင်သာကျေးရွာ ကျန်းမာရေးဌာနခွဲတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွေမှ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မိမိရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ယခုလို တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပညာရေးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက မိမိတို့ဌာနလုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများမှ မိမိတို့ရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လိုသည့် လုပ်ငန်းများနှင့်စပ်လျဉ်းပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များအား ပြသခဲ့ရာ တက်ရောက်လာသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း(ပြန်/ဆက်)