မြိတ်မြို့တွင် တနင်္သာရီဒေသရိုးရာခေါသရပ်နေ့ကျင်းပ၊  သံဃာတော်နှင့်သီလရှင်များအား ဒေသမုန့်ဆွမ်း(၃၅)မျိုးလှူဒါန်း

မြိတ်   စက်တင်ဘာ   ၁၃

မြိတ်မြို့ရှိ တစ်ကမ္ဘာလုံးအေးမြချမ်းသာဘုရားကြီး ဘုရားရင်ပြင်တော်တွင် တနင်္သာရီရိုးရာ ခေါသရပ်နေ့ကို ယနေ့နံနက်ပိုင်းက ကျင်းပရာ သံဃာတော်နှင့် သီလရှင်များအား ပင့်ဖိတ်၍ တနင်္သာရီရိုးရာ ခေါသရပ်ထိုးမုန့်နှင့် မြိတ်ဒေသမုန့်ဆွမ်း (၃၅)မျိုးကို ကမ္ဘာလုံးကျောင်းတိုက် သာသနာပြုဆရာတော် ဦးဆောင်သော အလှူရှင်များမှ မုန့်အရုဏ်ဆွမ်းလောင်းလှူခဲ့ကြသည်။   

မြိတ်ဒေသ၌ တနင်္သာရီဒေသရိုးရာခေါသရပ်ပွဲတော်နေ့တွင် ရှေးယခင်က မုန့်ဆွမ်းလောင်းလှူပွဲများရှိသော်လည်း ယခုနောက်ပိုင်းမှာ တဖြေးဖြေးပျောက်ကွယ်လာခဲ့ကြောင်း၊  ယနေ့ကျင်းပသည့် တနင်္သာရီရိုးရာ ခေါသရပ်နေ့ ဆွမ်းလောင်းလှူပွဲသည် တစ်ကမ္ဘာလုံးအေးမြချမ်းသာဘုရားကြီး၌ ဒုတိယအကြိမ်ပြုလုပ်သည့် အရုဏ်ဆွမ်း လောင်းလှူပွဲဖြစ်ပြီး သံဃာတော်နှင့်သီလရှင် အပါး (၂၇၀) ကို ပင့်ဖိတ်ကာ ခေါသရပ်ထိုးမုန့်နှင့် မြိတ်ဒေသမုန့်ဆွမ်း(၃၅)မျိုးကို လောင်းလှူခဲ့ကြပြီးနောက် စေတီတော်သို့လာရောက်ကြသည့် ဧည့်ပရိသတ်များအား ဒေသမုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။ 

နှစ်စဉ်တော်သလင်းလပြည့်ကျော်(၄)ရက်နေ့ကို ခေါသရပ်နေ့အဖြစ်သတ်မှတ်ကာ တနင်္သာရီမြို့ တည်စကတည်းကပင် ကျင်းပလာခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်းကြာမြင့်ပြီဖြစ်သည့် တနင်္သာရီမြို့၏ ဒေသရိုးရာပွဲတော်တစ်ခုဖြစ်ကြောင်း၊ တနင်္သာရီမြို့၏ ဒေသရိုးရာ ခေါသရပ်နေ့ကို မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်ရှိ မြို့နယ်များတွင်သာ ကျင်းပလေ့ရှိကြောင်း မှတ်တမ်းများအရ သိရသည်။

ခိုင်ထူး (ပြန်/ဆက်)