ကျိုက်လတ် စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းတွင် ယမန်နေ့ မွန်းလွဲ (၁)နာရီခွဲအချိန်က ကျိုက်လတ်မြို့နယ်ရဲတပ်ဖွဲ့မှ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိန်လွင်အောင် တို့က အမှာစကားပြောကြားခဲ့ပြီး ယာဉ်ထိန်းရဲ ရန်အောင်ကျော်က ယာဉ်မတော်တဆ ဖြစ်ပွားရခြင်းအကြောင်း အရင်းများနှင့် ပတ်သက်၍ ယာဉ်စက်ချို့ယွင်းခြင်းကြောင့် လည်းကောင်း၊ ယာဉ်မောင်းနှင်သူ၏ ပေါ့ဆမှုကြောင့် လည်းကောင်း၊ ရာသီဥတုအခြေအနေဆိုးဝါး မှုကြောင့်လည်းကောင်း၊ လမ်းနှင့်တံတားအခြေအနေ တစ်ရပ်ရပ် ကြောင့်လည်းကောင်း ဖြစ်ပွားနိုင်သည်တို့ကို ပရိုဂျက်တာအသုံးပြု၍ ကျောင်းသား၊ ကျောင်းသူများ နားလည် လွယ်အောင် ရှင်းလင်းပြောကြားပြီး ယာဉ်မတော်တဆမှုကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုများ မဖြစ်စေရန် ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်း၍ မေးသိုင်းကြိုး စနစ်တကျ တပ်ဆင်ရန်၊ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်ခြင်းမပြုရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ပြည်သူများ အလေးထားလိုက်နာ ဆောင်ရွက်စေရန် စသည်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကျောင်းသား၊ ကျောင်းသူများ အသုံးပြုရန် ပါးစပ်နှင့် နှာခေါင်းစည်း Mask များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ရီရီမြင့်