နတ်မောက်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် မျက်ရဲကန်ကျေးရွာ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်

နတ်မောက် စက်တင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေနှင့် ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေတို့ပူးပေါင်း၍ ရွာမွန်ကျေးရွာအုပ်စု၊ မျက်ရဲကန်ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား စက်တင်ဘာပထမအပတ်မှစတင် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းမှာ (၅၀)ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ ကျပ် ၁၀သန်းနှင့် ပြည်သူလူထုထည့်ဝင်ငွေ ကျပ် ၁ဒသမ ၀၇၅သန်း၊ စုစုပေါင်း ကျပ် ၁၁ ဒသမ ၀၇၅သန်း အသုံးပြုကာ မျက်ရဲကန်ကျေးရွာတွင်း ကွန်ကရစ်လမ်း အရှည် ၅၂၀ပေ၊ အကျယ်၁၂ပေ၊ အမြင့် ၆လက်မ ခင်းခြင်းလုပ်ငန်းအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာပြည်သူလူထုမှ ကိုယ်တိုင်အကောင်အထည်ဖော်၍ စက်တင်ဘာပထမအပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းမှာ ၅၀ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဝင်းသူရထံမှ သိရသည်။

အဆိုပါကျေးရွာရှိ အိမ်ခြေ (၂၁၃)အိမ်၊ အိမ်ထောင်စု (၂၂၁)မှ လူဦးရေ (၉၆၅)ဦးတို့ ရာသီမရွေး သွားလာရ လွယ်ကူလာမည်ဖြစ်ကြောင်း၊ ကျန်းမာရေး၊ လူမှုရေးနှင့် အခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် အကျိုးပြုသွားမည်ဖြစ်ကြောင်း၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဝင်းသူရမှ ဆက်လက် ပြောပြ၍ သိရသည်။

ဖြိုးဖြိုး