မင်းဘူး(စကု)မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ ၂၀၀၀၀ ခန့်အား ဆေးထိုးစင်တာ (၉) ခုထား၍ တစ်ပြိုင်တည်း ထိုးနှံပေး

မင်းဘူး စက်တင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် အခြေခံပညာကျောင်းများတွင် အသက် (၁၂) နှစ်မှ (၁၅) နှစ်အထိ၊ ကျောင်းသား၊ ကျောင်းသူ (၂၀၀၀၀) ခန့်အား  ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ဆေးထိုးစင်တာ (၉) ခုထား၍ တစ်ပြိုင်တည်း ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးအောင်ဇော် ပြောပြ၍ သိရသည်။

အဆိုပါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ကို အ.ထ.က (၁) မင်းဘူး၊ အ.ထ.က စကု၊ အ.ထ.က ကျောက်စံ၊ အ.ထ.က ဆင်ခေါင်း၊ အ.ထ.က မုန်တောင်၊ အ.ထ.က ရွာသာယာ၊ အ.ထ.က (ခွဲ) ဆည်တော်၊ အ.ထ.က (ခွဲ) လေးပင်၊ အ.လ.က ခံကုန်းကျောင်းများတွင် ဆေးထိုးစင်တာ (၉) ခုထား၍ တစ်ပြိုင်တည်း ထိုးနှံပေးခဲ့ကြသည်။

ထိုသို့ ထိုးနှံပေးရာတွင် မူ(လွန်) ကျောင်း (၁၈) ကျောင်း၊ အ.လ.က (ခွဲ) (၁၀) ကျောင်း၊ အ.လ.က (၂၆) ကျောင်း၊ အ.ထ.က (ခွဲ) (၂၅) ကျောင်း၊ အ.ထ.က (၉) ကျောင်းဖြစ်၍ ကျောင်းပေါင်း (၈၈) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၀၀၀၀) ခန့်အား ထပ်ဆောင်း ကာကွယ်ဆေး Booster Dose အားထိုးနှံပေးလျက်ရှိပြီး ဆေးမထိုးမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ အောက်ဆီဂျင် အနည်းအများ တိုင်းတာခြင်း စသော ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)