ရေဦး စက်တင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများပါ၀င်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မကျီးတောကျေးရွာ အ၊ မ၊ က ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရေဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူရက တွေ့ဆုံပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြည်သူများအား ရှင်းလင်းပြောကြားပြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး၀င်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်း၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကျော်ဇေလတ် ဦးဆောင်သော ဌာနဆိုင်ရာများမှ မိမိတို့ဌာနတစ်ခုချင်းစီ၏ လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးရာတွင် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ပြည်သူကို ဗဟိုပြုဆောင်ရွက်ပေးနေသည့် လုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာတည်ငြိမ်အေးချမ်းရေး၊ မြို့နယ်ဖွံဖြိုးတိုးတက်ရေး၊ နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုလူဦးရေစာရင်း၊ ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးပေးနေမှုနှင့် ပညာရေးကဏ္ဍဖွံဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးနေမှု၊ စက်တင်ဘာလတစ်လတာအတွင်း မိသားစုစား၀တ်နေရေး အထိုက်အလျောက် အဆင်ပြေစေရန်အတွက် တန်ဖိုးသင့် စားသောက်ကုန်များကို ရွေ့လျားမော်တော်ယာဉ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း စသည်ဖြင့် အသိပေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော ပြည်သူများက သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများကို ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းနိုင်ထွန်းက အ၊ မ၊ က ကျောင်းအတွက် ခေါက်ဆွဲခြောက်ထုပ်များနှင့် နှာခေါင်းစည်း(Mask)များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများက ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးနှံရသေးသူနှင့် ထပ်ဆောင်းအပိုထိုးနှံပေးနေမှုနှင့် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ် ရေးကတ်ပြားပြုလုပ်ပေးနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်