ရှမ်းရွာသစ် စက်တင်ဘာ ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ လူကုန်ကူးမှုတိုက်ဖျက် ရေးနေ့အထိမ်းအမှတ်အကြောင်း သိရှိစေရန်နှင့် လူကုန်ကူးမှုအန္တရာယ်မှကြိုတင်ကာကွယ်ရန် ရည်ရွယ်သည့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက ရှမ်းရွာသစ်မြို့ အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရှမ်းရွာသစ်မြို့နယ်မြေရဲစခန်းမှ ဒုရဲအုပ်ဇော်လင်းမှ လူကုန်ကူးခံရမှုနှင့်ပတ်သက်သော အကြောင်းအရာများ၊ လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ ရွှေ့ပြောင်းသွားလာမှုတို့၏ အဓိပ္ပာယ် ဖွင့်ဆိုချက်များ၊ လူကုန်ကူးရောင်းဝယ်မှုအခြေအနေနှင့် အမျိုးအစားများ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေနှင့် ဆက်စပ်သည့် တည်ဆဲဥပဒေများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက ၂၀၂၂ ခုနှစ်၊ လူကုန်ကူးမှုတိုက် ဖျက်ရေးနေ့၏ရည်ရွယ်ချက်များ၊ လူကုန်ကူးသူများ လူကုန်ကူးရန် အဓိကပြစ်မှတ်ထားသည့် အုပ်စုများ၊ လူကုန်ကူးမှုတားဆီး ကာကွယ်နိုင်ရေး ဆောင်ရန်/ရှောင်ရန်အချက်များတို့ကို ကျောင်းသား/သူများအား စကောကရင်၊ မြန်မာနှစ်ဘာသာဖြင့် ဟောပြောခဲ့သည်။
ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ထားရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း၊ အဆိုပါ အသိပညာပေးဟောပြောပွဲကို မြို့ရဲတပ်ဖွဲ့နှင့် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)