အုတ်ဖိုမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

အုတ်ဖို စက်တင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့၊ အ.ထ.က အိုးသည်ကုန်းတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာ၊ ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးကို ကလေးများကိုယ်တိုင်နားလည်သိရှိပြီး ကျရောက်နိုင်သည့် အန္တရာယ်များအား မိမိကိုယ်မိမိကာကွယ်နိုင်ရန် ကလေးသူငယ်အခွင့်အရေးများကို သိရှိလိုက်နာပြီး ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန်၊ ကိုယ်ကာယကျန်းမာရွှင်လန်းစွာပညာသင်ယူနိုင်စေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီ ၃၀ အချိန်က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် အ.ထ.က အိုးသည်ကုန်း ကျောင်းအုပ်ဆရာမကြီးဒေါ်သင်းသင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ညွန့်ညွန့်စိန်က စာဖတ်ရှိန်မြှင့်တင်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားမှူးဒေါ်လဲ့လဲ့လွင်က လူငယ်ရေးရာခေါင်းဆောင်မှုဆိုင်ရာများကိုလည်းကောင်း အသိပညာပေးဟောပြောပြီး အားကစားနှင့်ကာယပညာဦးစီးဌာနဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများနှင့်အတူကိုယ်ကာယ လေ့ကျင့်ခန်းများဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အောင်သူ