ရွှေကျင် စက်တင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ကျောင်းအဆင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးနေ့၊ မြန်မာနိုင်ငံစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ပြိုင်ပွဲများနှင့်သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများအား ရွှေကျင်မြို့မရဲစခန်းနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အ-ထ-က(ရွှေကျင်)ကျောင်း ပညာရတနာခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ အ-ထ-က(ရွှေကျင်) Grade(9)မှ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး ကျောင်းအုပ်ဆရာကြီးဦးညီညီအောင်က ပြိုင်ပွဲများကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ ရွှေကျင်မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုဇော်က ဆုများပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် နောင်ပြိုင်ပွဲများတွင်လည်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဆက်လက်ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများအား ကျောင်းအုပ်ဆရာကြီးဦးညီညီအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုဇော်၊ မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ဝင်းထွန်းနှင့် ကျောင်းအကျိုးတော်ဆောင်များက ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)