ကရင်ပြည်နယ်အတွက်ရရှိသော နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် (၈) ဘီလီယံကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများအတွက် အသုံးပြုသွားမည်

လှိုင်းဘွဲ စက်တင်ဘာ ၁၃

မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေကြသည့် မွေးမြူရေးခြံပိုင်ရှင်များအား နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေးသည့် နိုင်ငံစီးပွားရေးမြှင့်တင်ရေး မတည်ရန်ပုံငွေ အစီအစဉ်ပတ်သက်၍ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေကြသူများအား ပြည်နယ်စီးပွားရေးမြှင့်တင်ရေး စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်သုံးသပ်ရေးကော်မတီက တွေ့တွေ့ဆုံရှင်းလင်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက လှိုင်းဘွဲမြို့နယ်၊ ရွာသာအေးကျေးရွာအတွင်းရှိ မွေးမြူရေးဇုန်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်နယ်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့်က နိုင်ငံစီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေဖြင့် ကရင်ပြည်နယ်အတွင်း စီမံကိန်းနှင့်ကိုက်ညီမှုရှိသော လှိုင်းဘွဲမြို့နယ်ကို ရွေးချယ်ပေးထားပြီး အမှန်တကယ် စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များကို ထုတ်လုပ်နိုင်မည့် စီမံကိန်းကျေးရွာများရှိ သက်ဆိုင်ရာမြို့နယ်များရှိ ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး ကုန်ထုတ်သမဝါယမအသင်းလီမိတက်မှ အသင်းသားများ၏ အခန်းကဏ္ဍမှာ လွန်စွာအရေးကြီးပါကြောင်းဖြင့် ပြောကြားပြီး ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးရန်မျိုးနိုင်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အလတ်စား စက်မှု၊ လက်မှုလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ အရင်းမပျောက် မတည်ရန်ပုံငွေ မြစိမ်းရောင်ကျေးရွာစီမံကိန်းအသင်း၊ သမဝါယမအသင်းပုံစံ၊ အစုအဖွဲ့ပုံစံဖြင့် အကောင်အထည် ဖော်ဆောင်သွားကြရန်အစရှိသည့် ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးချစ်ဝေနှင့် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးဇော်ဝမ်းတို့က စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများအတွက် အထောက်အကူပြုစေရေး ကျေးရွာမတည်ရန်ပုံငွေများ ထူထောင်ရေး၊ သွင်းအားစုများပံ့ပိုးကူညီရေး၊ ကျေးလက်အသက်မွေး ဝမ်းကျောင်းနှင့် စီးပွားမြင့်မားရေးနှင့် ပတ်သက်သည့်အကြောင်းအရာများ၊ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာအောင်မြင့်ဟန်က မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်နေကြသည့် ခြံရှင်များအနေဖြင့် မိမိတို့၏ကုန်ထုတ်လုပ်ငန်း တိုးတက်စေရေးနှင့် ဆုံးရှုံးနစ်နာမှုများ မဖြစ်ပေါ်စေရေးအတွက် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

၎င်းနောက် ရွာသာအေးကျေးရွာ၊ မွေးမြူရေးနှင့် ကုန်ထုတ်သမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ မွေးမြူရေးခြံပိုင်ရှင်များက လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ တိရစ္ဆာန်နှင့်အစားအစာဈေးနှုန်း မြင့်တက်နေမှုများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြရာ ပြည်နယ်စီးပွားရေးမြှင့်တင်ရေး စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်သုံးသပ်ရေးကော်မတီအဖွဲ့ တာဝန်ရှိသူများက မွေးမြူရေးလုပ်ငန်းကို ဆောင်ရွက်နေကြသူများ သတိပြုရမည့် ရာသီဥတု၊ ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်နိုင်မည့်နည်းလမ်းများ၊ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့် အညီ လိုက်နာဆောင်ရွက်သွားကြရမည့်အကြောင်းများကို ပြန်လည်ရှင်းဆွေးနွေးခဲ့ကြပြီးနောက် နိုင်ငံစီးပွားရေးမြှင့်တင်ရေး မတည်ရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ကြမည့်ခြံရှင်များ၏ မြေနေရာနှင့် မွေးမြူရေးခြံပြင်ဆင်ထားရှိမှုများကို ကြည့်ရှုကာ လိုအပ်မှုများကို အကြံပြု ဆွေးနွေးပေးခဲ့ကြသည်။

ရွာသာအေး မွေးမြူရေးဇုန်၌ ကုန်ထုတ်သမဝါယမအသင်းလီမိတက်မှ စုစုပေါင်း အသင်းသားဦးရေ (၆၀)ဦးရှိပြီး နိုင်ငံစီးပွားရေးမြှင့်တင်ရေး မတည်ရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းကို ပထမဦးစွာ စတင်လုပ်ကိုင်ရန် စာရင်းပေးထားသည့် အသင်းသား(၁၂)ဦးက မွေးမြူမည့် တိရစ္ဆာန်ကောင်ရေနှင့် အစာဖိုးကျသင့်ငွေများအတွက် လိုအပ်သည့်ပံ့ပိုးချေးငွေကျပ် (၁၁၁,၆၅၂,၆၀၀)သိန်း အား တင်ပြတောင်းခံထားပြီးဖြစ်ကြောင်း၊ အသင်းသားများ၏ ရင်းနှီးမတည်ငွေကျပ် (၂,၃၀၀) သိန်းကို ထားရှိပြီးဖြစ်ကြောင်း လှိုင်းဘွဲမြို့နယ် မွေးမြူရေးနှင့်ကုန်ထုတ်သမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌက ရှင်းပြသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ်ဘီလီယံ ၄၀၀ အနက်မှ သက်ဆိုင်ရာဝန်ကြီးဌာနများက တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွက် ရန်ပုံငွေများခွဲဝေပေးခဲ့ရာ ကရင်ပြည်နယ်အတွက်ရရှိသော ရန်ပုံငွေကျပ် (၈) ဘီလီယံအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ပြည်နယ်စီးပွားရေးမြှင့်တင်ရေး စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်သုံးသပ်ရေးကော်မတီအဖွဲ့ထံမှ သိရှိရသည်။

လင်းသန့်(ပြန်/ဆက်)