ပန်းတောင်း စက်တင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဗီဇပြောင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် ပြည်သူလူထုသိရှိလိုက်နာနိုင်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေး လူထုလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြည်သူများ နှာခေါင်းစည်းတပ်ဆင်ရေး အသိပညာပေး mask campaign ပြုလုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များ အမျိုးသမီးရေးရာအဖွဲ့ ကျန်းမာရေးဝန်ထမ်းများ ပန်းတောင်းမြို့မရဲစခန်းမှ ရဲအုပ်နေမျိုးဇော်နှင့်အဖွဲ့ မြို့နယ်မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ဗိုလ်ကြီးမျိုးသူဌေးနှင့် တပ်မတော်သားများ စည်ပင်သာယာရေးအဖွဲ့၊ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပန်းတောင်း၊ တောင်ကုတ်လမ်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တို့တွင် စုရပ်ပြုလုပ်၍ မြို့တွင်းဖြတ်သန်းသွားလာသော ခရီးသယ်ပို့ဆောင်ရေး မော်တော်ယာဉ်နှင့် ကုန်တင်ယာဉ်ကြီးများ၊ မော်တော်ဆိုင်ကယ် စီးနင်းသွားလာသူများနှင့် ဒေသခံပြည်သူများကို တွေ့ဆုံ၍ ဗီဇပြောင်း ကိုဗစ် - ၁၉ ရောဂါ အန္တရာယ် ကူးစက်ပြန့်ပွားမှုမရှိစေရေး နေအိမ်ပြင်ပသို့ မဖြစ်မနေသွားလာပါက ပါးစပ်နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ပြီးမှသာ သွားလာကြရန်၊ တတ်နိုင်သမျှ လူစုလူဝေးရှိသောနေရာများသို့ သွားလာခြင်းအား ရှောင်ကြဉ်ကြရန်၊ အရာဝတ္ထုတစ်ခုခု ကိုင်တွယ်ပြီးချိန်တိုင်း လက်ကိုဆပ်ပြာနှင့် စနစ်တကျ ဆေးကြောရန်၊ လက်မဆေးခြင်းမပြုမီ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ခြင်း၊ ထိတွေ့ခြင်း မပြုလုပ်ရန်၊ အပြင်မှ ပြန်လာသည့်အခါ နှာခေါင်းစည်းကို စနစ်တကျ စွန့်ပစ်ရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအး အကြိမ်ပြည့် မပျက်မကွက် ထိုးနှံမှုအား ခံယူကြရန် စသည့် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာအချက်များကို အသိပညာပေး ဆွေးနွေးပြောကြားပြီး ပါးစပ်နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေတပ်ဆင်ပေးခဲ့ကြကြောင်း သိရသည်။
ယခုကဲ့သို့ မြို့နယ်အတွင်း ဗီဇပြောင်း ကိုဗစ် - ၁၉ ရောဂါ အန္တရာယ်ကင်းဝေးစေရေးအတွက် ပါးစပ်နှာခေါင်းစည်း တပ်ဆင်သွားလာရေး လူထုလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို ပြည်သူလူထု ပူးပေါင်းပါဝင် တိုက်ဖျက်နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)