ပုသိမ် စက်တင်ဘာ ၁၃
၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စားပွဲတင်တင်းနစ် အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု စားပွဲတင်တင်းနစ် အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နေ့လည်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီး စားပွဲတင်တင်းနစ် အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်၊ နည်းပြ၊ အားကစားသမားများနှင့် တစ်ဦးချင်း မိတ်ဆက်ပေးပြီး အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် အစီအစဉ် များအား ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “အားကစား အောင်နိုင်ရေးအတွက် အကောင်းဆုံး အားကစားသမားများရွေးချယ်ပြီး နည်းစနစ်မှန်မှန်ဖြင့် စခန်းသွင်းလေ့ကျင့်ခဲ့ပါကြောင်း၊ တစ်ဦးချင်း ကျွမ်းကျင်မှု၊ အသင်းလိုက်စည်းလုံးမှုဖြင့် အောင်မြင်မှုရရှိစေရေး ကြိုးစားကြမှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် စားပွဲတင်တင်းနစ်အားကစားပြိုင်ပွဲများတွင် အားနည်း/အားသာချက်များ သင်ခန်းစာယူပြီး အောင်မြင်မှုများ ရရှိနိုင်ရေး ပိုမိုကြိုးစားကြရန် လိုပါကြောင်း၊ အားကစားသမားအနေဖြင့် ကျန်းမာကြံ့ခိုင်စေရေး ဂရုစိုက်နေထိုင်ကြရန်၊ လေ့ကျင့်မှုမပြက် ဆောင်ရွက်ကြရန်နှင့် တိုင်းဒေသကြီးအတွက် အောင်မြင်မှုများရရှိစေရေး အစွမ်းကုန်ကြိုးစာကြရန်” ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု စားပွဲတင်တင်းနစ် အသင်းမှတာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ တိုင်းဒေသကြီးအနေဖြင့် ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးစားပွဲတင် တင်းနစ်အားကစားပြိုင်ပွဲသို့ နည်းပြ၊ အုပ်ချုပ်၊ အားကစားသမားများ စုစုပေါင်း ၁၄ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား တက်ရောက်ခဲ့ပြီး ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ကစားကြသည့် ကျုံပျော်ခရိုင်အသင်းနှင့် မအူပင်ခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးသည်။ ဗိုလ်လုပွဲတွင်ကျုံပျော်ခရိုင် အသင်းမှမအူပင်ခရိုင် အသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် လပွတ္တာခရိုင်အသင်းမှ အားကစားသမား တစ်ဦးချင်းအား တိုင်းဒေသကြီး ဥပဒေချုပ်မှ လည်းကောင်း၊ ဒုတိယဆုရရှိသည့် မအူပင်ခရိုင်အသင်းမှ အားကစားသမား တစ်ဦးချင်းအား တိုင်းရင်းသားရေးရာဝန်ကြီးမှလည်းကောင်း၊ ပထမဆုရရှိသည့် ကျုံပျော်ခရိုင်အသင်းမှ အားကစားသမားတစ်ဦးချင်းအား လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ လည်းကောင်း၊ နေရာအလိုက် အကောင်းဆုံးအားကစားသမား(၅)ဦးအား သယံဇာတရေးရာဝန်ကြီးမှ လည်းကောင်းတစ်ဦးချင်းဆုများ အသီးသီးချီးမြှင့်ခဲ့ကြပြီး တတိယဆုရရှိသည့် လပွတ္တာခရိုင်အသင်းအား တတိယဆုဖလားကို စီးပွားရေးရာဝန်ကြီးမှ လည်းကောင်း၊ ဒုတိယဆုရှိသည့် မအူပင်ခရိုင်အသင်းအား ဒုတိယဆုဖလားကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့ မှဆုဖလားချီးမြှင့်ခဲ့ကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပထမဆုရရှိသည့် ကျုံပျော်ခရိုင်အသင်းအား ပထမဆုဖလားနှင့် ချီးမြှင့်ငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)