လိပ်သို စက်တင်ဘာ ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ အလယ်ချောင်းအောက်ကျေးရွာ၌ ဌာနဆိုင်ရာများပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ဘုရားကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် လိပ်သိုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်က မြန်မာ နိုင်ငံတွင် ဖြစ်ပေါ်နေသော လူကုန်ကူးပုံစံများအကြောင်း ၊ လူကုန်ကူးခံရခြင်းကြောင့်ရရှိနိုင်သော ဆိုးကျိုးများ၊ လူတိုင်းသတိပြုရမည့်အချက်များ၊ လူကုန် ကူးမှုများသည် ပုံသဏ္ဍန်နည်းလမ်းမျိုးစုံဖြင့် ကမ္ဘာ့နေရာအနှံ့အပြားတွင် ဖြစ်ပွားနေကြောင်း ရှင်းလင်းဟောပြောသည်။
ဆက်လက်ပြီး လိပ်သိုနယ်မြေရဲစခန်းမှ ဒုရဲအုပ်ဖြိုးမင်းသွင်က မည်သူမဆို လူကုန်ကူးခံရ နိုင်ကြောင်း၊ လူပွဲစားများ၏ ဖြားယောင်းသွေဆောင်မှုကြောင့် လူကုန်ကူးခြင်းခံရသူလည်းရှိကြောင်း၊ လူပွဲစားဖြင့် ဖြားယောင်းသွေးဆောင်မှုသည် အများဆုံးဖြစ်ပွား လေ့ရှိကြောင်း၊ လူကုန် ကူးခြင်းသည် တစ်နေ့တစ်ခြား လျင်မြန်စွာကြီးထွားလျက်ရှိသော ပြစ်မှုဖြစ်ကြောင်း၊ လူကုန်ကူး မှုပပျောက်ရေးအတွက် တားဆီးရေးနှင့်ကာကွယ်ရေးသည် မဖြစ်မနေ ဆောင်ရွက်ပေးရသည့် လုပ်ငန်းစဉ်ဖြစ်ကြောင်းနှင့် ကြိုတင်ကာကွယ်မှုလုပ်ငန်းများသည်ဖြစ်ပြီးမှ စောင့်ရှောက်ပေးရသည့် လုပ်ငန်းထက်ပိုမိုအရေးကြီးကြောင်း အသိပညာပေးဟောပြောပြီးနောက် တက်ရောက်လာသော ကျေးလက်နေပြည်သူများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)