ဘားအံ စက်တင်ဘာ ၁၃
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ၂၀၂၂ ခုနှစ် ကမ္ဘာ့ရှေ့ဦးပြုစု ခြင်းနေ့အထိမ်းအမှတ် ရှေးဦးပြုစုခြင်းဆိုင်ရာပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်သည့်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက Covid-19 ရောဂါပျံ့နှံ့မှုထိန်းချုပ် ကာကွယ်ရေး လုပ်ငန်းများကို နိုင်ငံအနှံ့ဆောင်ရွက်ခဲ့ကြရာ ကရင်ပြည်နယ်ကြက်ခြေနီအနေဖြင့် လူမှုကရုဏာလုပ်ငန်းများတွင် အရန်အင်အားအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန ၏လမ်းညွှန်မှုဖြင့် တက်စွမ်းသရွေ့ပါဝင်အားဖြည့်ဆောင်ရွက်ခဲ့ကြသည်မှာ အလွန်အားကိုးဂုဏ်ယူ ဖွယ်ရာပင်ဖြစ်ကြောင်း၊ မတော်တဆထိခိုက်မှုများ၊ နာမကျန်းမှုများသည် အချိန်မရွေး နေရာမရွေးဖြစ်ပွားလျက်ရှိသည့်အတွက် ရှေးဦးပြုစုခြင်းပညာရပ်သည် လူတိုင်းမဖြစ်မနေတတ်မြောက်ထားသင့်သော ပညာရပ်တစ်ခုဖြစ်ကြောင်း၊ ကြက်ခြေနီစေတနာလုပ်အားရှင်မောင်မယ်များအနေဖြင့် အားလုံးပါဝင်သော လူထု ပူးပေါင်းအားဖြင့် နိုင်ငံအကျိုးပြု၊ ပြည်သူ့အကျိုးပြုလူမှုကရုဏာလုပ်ငန်းများကို ယခုထက်ပိုမိုပြီး စွမ်းစွမ်းတမံ အကောင်အထည် ဖော်ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌမှပေးပို့သော သဝဏ်လွှာကို မြန်မာနိုင်ငံကြက်ခြေနီအသင်း ဗဟိုကောင်စီဝင်၊ ကရင် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ ကရင်ပြည်နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့အုပ်ချုပ်ရေးအဖွဲ့ ပြည်နယ်တပ်ဖွဲ့မှူးက ဖတ်ကြားပြီး ရှေးဦးပြုစုခြင်းစွမ်းရည်ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်အား ဘားအံမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မြို့နယ်တပ်ဖွဲ့မှူးက ရှင်းလင်းပြောကြားသည်။
ယင်းနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ဂုဏ်ထူးဆောင်အမှုဆောင်တံဆိပ်နှင့် ဂုဏ်ထူး ဆောင်တပ်ဖွဲ့ဝင် တံဆိပ်ရရှိသူများ၊ ရှေးဦးပြုစုခြင်းစွမ်းရည်ပြိုင်ပွဲထူးချွန်ဆုရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်ပြီး သွေးသန့်သွေးလှူရှင်များ၊ ဒိုင်အဖွဲ့နှင့်နည်းပြများ၊ အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ကြက်ခြေနီစေတနာလုပ်အားရှင်များက မြန်မာရိုးရာယဉ်ကျေးမှုအကအလှများဖြင့် ဂုဏ်ပြုဖျော်ဖြေခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထူးချွန်ဆုရရှိသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ခင်းကျင်းပြသထားသော ကရင်ပြည်နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၏ လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)