ထန်းတပင် (ပဲခူး) စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ အခြေခံ ပညာကျောင်းများသို့ အားကစားပစ္စည်း များ လှူဒါန်းခြင်းကို ယမန်နေ့က မြို့နယ်ပညာရေးမှူးရုံးတွင် ပေးအပ်လှူဒါန်းခဲ့သည်။
ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးမှူး ဦးချမ်းဗိုလ်ဗိုလ်သက်မှ ခန္ဓာကိုယ် ကျန်းမာရေးသည် လူတစ်ဦး တစ်ယောက် တိုင်းအတွက် အလွန်အရေးကြီးပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းစာအပြင် အားကစားတစ်ခုခုကို စိတ်ပါဝင်စားစွာ ပြုလုပ်နေခြင်းဖြင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ခြင်းနှင့် ဉာဏစွမ်းအား တိုးတက်စေမည်ဖြစ်ပါကြောင်း၊ ကျန်းမာခြင်း၊ ဉာဏ်ပညာ ဖွံ့ဖြိုးစေခြင်း များ ရရှိသည့်အတွက် အားကစားကို ငယ်ရွယ်စဉ်မှ စတင်၍ ဆောင်ရွက်သင့် ကြောင်း ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဖြစ်သည်နှင့်အညီ ကျန်းမာရေးကို အထူးဂရုစိုက်သင့် ကြောင်း ပြောကြားခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်း(၄)ကျောင်းအတွက် ဘောလီဘော(၈)လုံး၊ ပိုက်ကျော်ခြင်းလုံး(၈)လုံး၊ ခရာ(၄)ခု၊ ဘောလုံး(၈)လုံး၊ စားပွဲတင် တင်းနစ်ဘတ်တန်(၄)စုံ၊ ပေကြိုး(၄)ဘူး၊ စားပွဲတင် တင်းနစ်ဘောလုံး(၈)လုံး၊ စားပွဲတင် တင်းနစ်ပိုက်(၄)စုံတို့ကို လှူဒါန်းပေးခဲ့ ရာ မြို့နယ်ပညာရေးမှူး ဒေါ်ယဉ်ယဉ်တည်နှင့် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက လက်ခံရယူခဲ့ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)