ကန်ကြီးထောင့်မြို့နယ်၊ ဝက်ထိုးကျေးရွာ၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက်ကွင်းဆင်းဆောင်ရွက်

ကန်ကြီးထောင့် စက်တင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်ရပ်ရွာ အေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လည် ၁ နာရီအချိန်တွင် ဝက်ထိုးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အသိပညာပေး ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အဖွဲ့ဝင်(၁)ဗိုလ်မှူးနိုင်လင်းအောင်က လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့သည်။ ထို့နောက် စစ်ကြောင်းကြီး ငါးကြောင်းတွင် ပါဝင်သောဌာနဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြည်သူ့ဝန်ဆောင်မှု ဆောင်ရွက်နေမှုများ၊  ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဆောင်ရွတ်နေမှုများ၊ နိုင်ငံသားတိုင်း မှတ်ပုံတင်ရှိရေး၊ အိမ်ထောင်စုတိုင်း သန်းခေါင်စာရင်းအမှန် ပြုလုပ်ကြရေးနှင့် သတင်းအမှန်များကို လေ့လာဖတ်ရူ့ကြရန်နှင့်၊ ကောလဟာလသတင်းများကို မယုံကြည်ကြရန်၊ စပါးအထွက်တိုးရေးနှင့် မိသားစု တပိုင်တနိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွတ်အကောင်အထည် ဖော်နေမှုများ၊ လမ်းတံတားများ ဆောင်ရွတ်မှုနှင့် ကျေးရွာလျှပ်စစ်မီးရရှိရေးစသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသူများမှ  ဒေသလိုအပ်ချက်များ တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

မဇင်

ကန်ကြီးထောင့်(ပြန်/ဆက်)