ငါးသိုင်းချောင်းမြို့ မြိုပေါ်ရပ်ကွက်အားလုံးတွင် အခြေခံစားသောက်ကုန်များကို ရောင်းချပေးခဲ့ပြီး ကျေးရွာများ၌ ဆက်လက်ရောင်းချပေးမည်

ငါးသိုင်းချောင်း စက်တင်ဘာ ၁၃

ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌မြို့ပေါ်(၆) ရပ်ကွက်ရှိရာ မြို့သစ်ရပ်ကွက်၊ အောင်ဆန်းရပ်ကွက်၊ ငဝန်ရပ်ကွက်၊ ရွှေဘိုရပ်ကွက်နှင့် ရှေ့ဆောင်ရပ်ကွက်တို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ပြီးဖြစ်ရာ ယမန်နေ့နံနက်ပိုင်း၌ မြို့မရပ်ကွက်ရှိ အမျိုးသားခန်းမ၌ ရပ်ကွက်နေအိမ်ထောင်စု(၂၅၀)စုအား ဆန်(၁၀)အိတ်၊ ဆီ(၃၀)ပိသာ၊ ကြက်ဥ(၃၀၀)လုံး၊ ဆား(၅၀)ပိသာနှင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့ကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ပါသည်။

(၆)ရပ်ကွက်နေ အခြေခံလူတန်းစားများအား စားစရိတ်သက်သာစေရန် ရည်ရွယ်၍ ဆန်တစ်ပြည်လျှင် ၁၅၀၀ ကျပ်၊ ဆီ တစ်ဆယ်ကျပ်သားလျှင် ၅၀၀ ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၁၀၀ ကျပ်၊ ဆားတစ်ထုပ်လျှင် ၁၀၀ ကျပ် နှုန်းနှင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့ကို (၆.၉.၂၀၂၂) ရက်နေ့မှ စတင်၍ တစ်ရက်လျှင် တစ်ရပ်ကွက်နှုန်းဖြင့် စျေးရောင်းချပေးခဲ့ရာယနေ့တွင် (၆)ရပ်ကွက် ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်းနှင့် ကျေးလက်နေပြည်သူများ စားစရိတ်သက်သာစေရန်အတွက် ကျေးရွာအုပ်စုများသို့ သွားရောက်၍ စျေးနှုန်းသက်သာစွာဖြင့် စားသောက်ကုန်များကို ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)