ကျုံပျော် စက်တင်ဘာ ၁၃
လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်တွင် အမှတ်(၇)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်စု (ပုသိမ်)က ဦးစီးဖွင့်လှစ်သည့် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်း ဖွင့်ပွဲကို ကျုံပျော်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
ဖွင့်ပွဲသို့ ကျုံပျော်ပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးခင်မောင်လွင်နှင့် ခရိုင်လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အသီးသီးမှ ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး အဖွဲ့ဝင်များတက်ရောက်ကြသည်။
ရှေးဦးစွာ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ယခုသင်တန်း တက်ရောက်သူများသည် မိမိတို့ခရိုင်၏ လူကုန်ကူးမှု ကြိုတင်တားဆီးကာကွယ်ရေးအတွက် ရှေ့ဆုံးမှအားထားရမည့် ပုဂ္ဂိုလ်များ ဖြစ်ပါကြောင်း၊ ထိုသူများမှတဆင့် ရပ်ရွာပြည်သူများထံသို့ လူကုန်တား အသိပညာ ပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြ ဒုရဲမှူး ကျော်မျိုးသိန်းက သင်ကြားမည့် အကြောင်းအရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ အဆိုပါ သင်တန်းသို့ ကျုံပျော်ခရိုင် အတွင်းရှိ ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်းမြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ (၂၁) ဦး တက်ရောက်ကြမည် ဖြစ်သည်။
သင်တန်းကာလမှာ စက်တင်ဘာ (၁၂)ရက်မှ (၁၄)ရက်နေ့အထိ (၃)ရက်ပြီး၊ သင်တန်းတွင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေ၊ နိုင်ငံတကာနှင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လူကုန်ကူးမှု အခြေအနေများ၊ လူကုန်ကူးမှု စိစစ်ဖော်ထုတ်သည့် မှတ်တမ်းပုံစံ ရေးသွင်းနည်းများကို သင်တန်းဆရာ(၄)ဦးတို့မှ နားလည်တတ်ကျွမ်းသည်အထိ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)