ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်း အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) များ Software Program ရေးသွင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

ဇလွန် စက်တင်ဘာ ၁၃

အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များ နည်းပညာအသုံးပြု၍ ကွန်ပျူတာအတွင်း ရိုက်သွင်းခြင်းနှင့် Software Program အတွင်းသို့ သတ်မှတ်ချိန်အတွင်း ရေးသွင်း ဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဇလွန်မြို့နယ် ဦးစီးမှူးရုံးတွင် ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့မွန်းတည့် ၁၂ နာရီက သွားရောက်ကြည့်ရူ အားပေးခဲ့ကြသည်။

ယင်းသို့ဆောင်ရွက်ရာတွင် ဇလွန်မြို့နယ်အတွင်းရှိ အိမ်ထောင်စု (၃၉,၁၄၁)စု နှင့် လူဦးရေ (၁၇၂,၈၉၅) ဦး၏ (ပုံစံ-၆၆/၆)အချက်အလက်များကို နည်းပညာအသုံးပြု၍ software program ဖြင့် Database သို့ တိုက်ရိုက်စာရင်းရေးသွင်းခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာ ဝန်ထမ်းများက သတ်မှတ်ကာလအတွင်း အောင်မြင်စွာရေးသွင်းနိုင်ရေး ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ဆောင်ရွက်နေမှုကို ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်းနှင့် တာဝန်ရှိသူများ၊ ဇလွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ရာ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန ဇလွန်မြို့နယ်ဦးစီးမှူး ဦးမြင့်ထွန်းအောင်က လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား ရှင်းလင်းတင်ပြခဲ့သည်။ ဇလွန်မြို့နယ်အတွင်း နေထိုင်သူများ၏ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)အချက်အလက်များကို နည်းပညာအသုံးပြု၍ software program ဖြင့် Database သို့ တိုက်ရိုက်စာရင်းရေးသွင်းခြင်း လုပ်ငန်းကို ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ရေးသွင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဇလွန်မြို့နယ် ဦးစီးမှူးရုံးမှ သိရသည်။

ဝေယံ - ဇလွန်

(ပြန် / ဆက်)