ပွင့်ဖြူ စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုအား ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများကို နေ့စဉ် Booster Dose ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥကဋ္ဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက ဆေးထိုးအဖွဲ့များခွဲ၍ မြို့နယ်အတွင်းရှိ (ထက် ၊ လယ် ၊ မူ )အခြေခံပညာကျောင်း (၁၆၆)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၃)ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ ၁၀၆၅ ဦးနှင့် ဒေသခံပြည်သူ ၅၀ ဦးတို့ကို Booster Dose ထပ်ဆောင်းကာကွယ်ဆေး ကွင်းဆင်းထိုးနှံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ထိုသို့ Booster Dose ထပ်ဆောင်းကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကင်းဝေးစေရန်နှင့် ထိရောက်စွာ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းအား ကျန်းမာရေးဝန်ထမ်းများက နေ့စဉ် ကွင်းဆင်း ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ဒေသခံပြည်သူများအနေဖြင့် မဖြစ်မနေ ကာကွယ်ဆေးထိုးနှံနိုင်ရေး သက်ဆိုင်ရာနယ်မြေအလိုက် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများကလည်း အသိပေးနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။ ထို့အပြင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက် နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ လူထုလှုပ်ရှားမှု Mask Campaign အခမဲ့ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)