ပြည် စက်တင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ဝက်ထီးကန်တိုက်နယ်ရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (ဝက်ထီးကန်)၏ စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီခွဲ က အဆိုပါစခန်း သင်တန်းခန်းမဆောင်၌ကျင်းပခဲ့သည်။
အခမ်းအနားသို့ အမှတ်(၂) ရဲလေ့ကျင့်ရေးကျောင်း(ဝက်ထီးကန်)မှ ဒုတိယကျောင်းအုပ်ကြီး ဒုတိယရဲမှူးကြီးထွန်းဖေနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်စွာ၊ ပြည်ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ စခန်းတာဝန်ခံနှင့်ဝန်ထမ်းများ၊ သင်တန်းသားများနှင့် သင်တန်းသားမိဘဆွေမျိုးများ တက်ရောက်ပြီး သင်တန်းဆင်းပွဲတွင် အမှတ်(၂)ရဲလေ့ကျင့်ရေးကျောင်း (ဝက်ထီးကန်)မှ ဒုတိယကျောင်းအုပ်ကြီး ဒုတိယရဲမှူးကြီး ထွန်းဖေနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်စွာတို့က သင်တန်းသားများကို အမှာစကား အသီးသီးပြောကြားပြီး စခန်းတာဝန်ခံ ဦးစဝင်းနိုင် က သင်တန်းဆင်း နှုတ်ဆက်စကားပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက သင်တန်းတွင် စံပြထူးချွန်ဆု၊ သက်မွေးထူးချွန်ဆုနှင့် အားကစားထူးချွန်ဆုရရှိသူများနှင့် သင်တန်းသားများအား ဂုဏ်ပြုဆုများနှင့် သင်တန်းဆင်းလက်မှတ်များ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းသားတစ်ဦးက သင်တန်းသားများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများနှင့် စိုက်ပျိုးမွေးမြူရေးသင်တန်းများအပါအဝင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် ဆံသ၊ အုတ်လုပ်နည်းနှင့် ဆိုင်ကယ်ပြုပြင်ရေး အစရှိသည့် အသက်မွေး ဝမ်းကျောင်းပညာရပ်များကို သင်တန်းသား ၂၀ အား ယခုနှစ် ဇွန်လ ၁၅ရက်မှ စက်တင်ဘာ ၁၂ ရက်နေ့အထိ ရက် ၉၀ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချပေးခဲ့သော ပညာရပ်များကိုအခြေခံ၍ ၎င်းတို့ရပ်ရွာသို့ ပြန်လည်ရောက်ရှိရာတွင် ဘဝရပ်တည်နိုင်ရေးအတွက် များစွာအထောက်အကူပြုဖြစ်နိုင်မည်ဖြစ်ကြောင်း မူးယစ်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်စွာ တို့က ပြောသည်။
ကိုဆက်(ပြန်/ဆက်)