မင်းကင်း စက်တင်ဘာ ၁၂
စစ်ကိုင်းတိုင်ဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ အမှတ်(၃)ရပ်ကွက် စျေးထောင့်လမ်းဆုံ၌ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ ပြည်သူများ စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် တန်ဖိုးသင့် အခြေခံစားကုန်များ ရောင်းချပေးခြင်းကို ယနေ့နံနက်(၇)နာရီအချိန်မှ (၈)နာရီအချိန်ထိ ရောင်းချပေးခဲ့သည်။
အဆိုပါတန်ဖိုးသင့် အခြေခံစားကုန်များရောင်းချရာတွင် ဆန်တစ်ပြည်၊ ဆီတစ်ဆယ်ကျပ်သား၊ အာလူးနှစ်ဆယ့်ငါးကျပ်သား၊ ကြက်သွန်နီနှစ်ဆယ့်ငါးကျပ်သားပါဝင်သည့် အထုပ်ကြီးတစ်ထုပ်လျှင် (၄၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးကာ အရင်းတန်ဖိုးမှာ(၅၃၅၀)ကျပ်ဖြစ်ပြီး အထုပ်ပေါင်း(၃၀၀)ရောင်းချခဲ့ရသည်။
ထိုသို့ရောင်းချရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းနှင့်အဖွင့်ဝင်များ၊ ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှငွေ(မင်းကင်းပြန်/ဆက်)