ဘားအံ စက်တင်ဘာ ၁၂
ကရင်ပြည်နယ်၊ ဘားအံမြို့၌ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရှာဖွေနိုင်သည့် စာအုပ်/စာစောင်များ ဖတ်ရှုသည့်အလေ့အထကောင်းများ ပေါ်ပေါက်လာစေရန်နှင့် အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်မှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်/စာစောင်များကို အခမဲ့ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းနှင့် စာသုံးသူရေးရာဦးစီးဌာနတို့တွင် စာအုပ်စာစောင် များအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။
ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ရွေ့လျားစာကြည့်တိုက် (Mobile Library) မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်ပေါင်း (၂၅၀၀) ခန့်တင်ဆောင်၍ သင်တန်းကျောင်းများ၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ၊ အခြေခံပညာကျောင်းများသို့ အခမဲ့ငှားရမ်းပေးရာတွင် တနင်္လာနေ့မှ သောကြာနေ့အထိ ငှားရမ်းပေးလျက်ရှိပြီး စာဖတ်ပရိသတ်တစ်ဦးလျှင် (၂) အုပ်နှုန်းဖြင့် (၂) ပတ်အထိ ငှားရမ်းဖတ်ရှုပြီး (၂) ပတ်ပြည့်ပါက စာအုပ်အသစ်ဖြင့် လဲလှယ်ငှားရမ်းပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ နေ့စဉ်စာအုပ်စာစောင်အုပ်ရေ (၂၀၀) အုပ်ခန့် ငှားရမ်းပေးနိုင်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)