တောင်ငူ၌ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ပြည်သူများ လက်ဝယ်အရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

တောင်ငူ စက်တင်ဘာ ၁၂

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးမှ ​ပြည်သူများစာဖတ်သည့် အလေ့အထများရှိလာစေရန်၊ စာပေကို လက်လှမ်းမီစွာ ဖတ်ရှုလေ့လာနိုင်စေရန်၊​စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများ ကြွယ်ဝလာပြီး အမှန်နှင့်အမှားကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ လူငယ်လူရွယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ရွေ့လျား‌စာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များကို ပြည်သူများ လက်ဝယ်အရောက် သွားရောက် ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ခရိုင်/ မြို့နယ် ပညာရေးမှူးရုံး၊ ခရိုင်အိုးအိမ်ဦးစီးဌာနနှင့် အထက (၁) သို့ သွားရောက်ငှားရမ်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူများအား သုတ၊ ရသစာအုပ်များကို တစ်ကြိမ်လျှင် နှစ်ပတ်ကြာအထိ အခမဲ့ငှားရမ်းပေးပြီး၊ အသင်းဝင်ရောက်လိုသူများကိုလည်း အသင်းဝင်ကတ်ပြားများ ရရှိရေးအတွက် ဆောင်ရွက်ပေးကြောင်း၊ ဌာနဆိုင်ရာရုံးများနှင့်​ အခြေခံပညာကျောင်းများသို့ အလှည့်ကျစနစ်ဖြင့် စာအုပ်စာစောင်များ လှည့်လည် ငှားရမ်း ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)