ပခုက္ကူ စက်တင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ရေလယ်သောင်ကျေးရွာတွင် စက်တင်ဘာလ ၈ ရက်နေ့က ဧရာဝတီမြစ်ရေကြီးပြီး ကမ်းပါးပြိုကျမှုကြောင့် းပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ်(၂၆)လုံးအတွက် စက်တင်ဘာလ၁၁ရက် နံနက်၈နာရီခွဲတွင် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်၊ ကွန်းရွာကျေးရွာအုပ်စု၊ ရေလယ်သောင်ကျေးရွာတွင် ဧရာဝတီမြစ်ရေကြီးပြီး ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသော လူနေအိမ်(၂၆)လုံး၊ အိမ်ထောင်စု(၂၆)စု၊ လူဦးရေ(၉၂)ဦးတို့အတွက် တစ်အိမ်ထောင်လျှင် ပြောင်းရွှေ့စရိတ်နှင့်ဆန်ရိက္ခာဖိုး စုစုပေါင်းထောက်ပံ့ငွေကျပ် (၂၇၉၃၂၀၀)တို့အား ပခုက္ကူခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာရွှေနှင့်ဝန်ထမ်းများက ကမ်းပါးပြိုဘေးသင့်အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ယင်းနောက် တာဝန်ရှိသူများက ပခုက္ကူမြို့နယ်၊ ကွန်းရွာကျေးရွာအုပ်စု၊ ရေလယ်သောင်၊ မြင်းကျွန်းနှင့်လေးလံကျွန်း ကျေးရွာများရှိ မြစ်ကမ်းပါးပြိုကျမှုအခြေအနေများနှင့် လူနေအိမ်များ ဖျက်သိမ်းပြောင်းရွှေ့မှုအခြေအနေတို့ကို လိုက်လံကြည့်ရှု စစ်ဆေးကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ (ပြန်/ ဆက်)