ပဲခူးမြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ပဲခူး စက်တင်ဘာ ၁၂

အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံတော်ကို အကျိုးပြုမည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ ပညာရေးဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက ပဲခူးမြို့၊ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းရှိ ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန္တာကျော်က အဖွင့်အမှာစကား ပြောကြားပြီး ပဲခူးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သန္တာဝင်းက “အားကစား” ဆိုတာ အင်အားနဲ့ဉာဏ်ရည်ကို အသုံးချကြောင်း၊ အားကစားအမျိုးအစား (၄)မျိုးရှိပြီး ယှဉ်ပြိုင်အားကစား၊ ရိုးရာအားကစား၊ အပန်းဖြေအားကစားနှင့် လူထုအားကစားတို့ ဖြစ်ကြောင်း၊ ကာယပညာသင်ကြားရခြင်း၏ ရည်ရွယ်ချက်မှာ အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားက ဆောင်ရွက်ပေးတာဖြစ်ကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲ အခမ်းအနားသို့ အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၃၀၀)ဦးနှင့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)