စလင်းမြို့နယ်တွင် ရပ်ရွာအခြေပြုအဖွဲ့ဝင်များအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာ အသိပညာပေး သင်တန်းပို့ချ

စလင်း  စက်တင်ဘာ  ၁၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြားအစည်းအဝေးခန်းမဆောင်တွင် ယနေ့ စက်တင်ဘာ ၁၂ ရက် နံနက် ၈ နာရီ ၃၀ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ရွာအခြေပြုအဖွဲ့ဝင်များအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာအသိပညာပေးသင်တန်းကို ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာ အသိပညာပေးသင်တန်းတွင် မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က အဖွင့်အမှာစကားများ ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ခေတ္တဒုတိယရဲမှူးကြီး ကျော်ခိုင်စိုးက လူကုန်ကူးမှုနှင့်လူမှောင်ခိုမှုနှိုင်းယှဉ်ချက်များအကြောင်းကို ပြောကြားသွားခဲ့ပြီးနောက်၊ ဥပဒေအရာရှိ ဦးရန်အောင်က လူကုန်ကူးမှုနှင့်ပတ်သက်သည့် ဥပဒေများကို သင်တန်းသားသင်တန်းသူများ နားလည်သဘောပေါက်အောင် ပါဝါပွိုင့်ဖြင့်အကျယ်တစ်ဝင့် ရှင်းလင်းပြောကြားသွားခဲ့ရာ တက်ရောက်လာကြသည့် သင်တန်းသားများအားလုံးက စိတ်ပါဝင်စားစွာကြည့်ရှုကြသည်။ ဆက်လက်ပြီး ဆင်ဖြူကျွန်းမြို့နယ်စခန်းမှုး ကိုကျော်ကျော်ဦးမှ လူကုန်ကူးခံရမှုနှင့် ပတ်သက်သည့် ဆိုးကျိုးများ၊ လူကုန်ကူးမခံရအောင် သတိပြုရှောင်ရှားရမည့်အချက်များ၊ လူကုန်ကူးခံရခြင်းကြောင့် ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေများကို အသိပညာပေး ပြောကြားသွားခဲ့သည်။

အဆိုပါသင်တန်းဖြစ်သည့် ရပ်ရွာအခြေပြုအဖွဲ့ဝင်များအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာ အသိပညာပေးသင်တန်းကို စက်တင်ဘာ ၁၂ ရက်နေ့နံနက် ၈ နာရီ ၃၀ အချိန်မှစတင်ပြီး ၁၂ နာရီအထိ၊ နေ့လည် ၁ နာရီမှ ၃ နာရီ ၃၀မိနစ် အချိန်အထိ၊ စက်တင်ဘာ ၁၂ ရက်မှ ၁၄ ရက်နေ့အထိ ၃ ရက်တာမျှသင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ ကျောင်းဆရာ၊ ဆရာမများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ စလင်းဆင်ဖြူကျွန်း မြို့ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုစုပေါင်း သင်တန်းတက်ရောက်သူ (၉၀)ဦးတို့ တက်ရောက်ကြကြောင်း သိရသည်။

မောင်လွင်(ပြန်/ ဆက်)