ဖြူး စက်တင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ဝယ်ယူစားသုံးသည့် မုန့်ပဲသွားရည်စာများရောင်းချသည့် ကျောင်းမုန့်ဈေးဆိုင်များအား ကျန်းမာရေးနှင့် ညီညွတ်စွာရောင်းချမှု ရှိ/မရှိ အခြေအနေများကို ယနေ့နံနက်ပိုင်းက အမှတ်(၁)/ အမှတ်(၂)/ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းများ အပါအဝင် ဖြူးမြို့ပေါ်ကျောင်းများတွင် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ဖြူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်မင်းမောင် ဦးဆောင်၍ ဖြူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ခံ ကျောင်းအုပ်ကြီးများက ရောင်းချသည့် အချိုရည်များ၊ မုန့်ထုပ်များ အမှတ်တံဆိပ် ရှိ/မရှိ၊ ထုတ်လုပ်ခွင့် လိုင်စင်၊ ကုန်အညွန်းအမှတ်အသား ရှိ/မရှိ၊ လက်လုပ်မုန့်များ ကျန်းမာရေးနှင့်ညီညွတ်မှု ရှိ/မရှိနှင့် ဝမ်းရောဂါမဖြစ်စေရေးအတွက် အသုပ်များ၊ လက်လုပ်မုန့်များ ရောင်းချရာတွင် ယင်လုံစွာ ရောင်းချမှု ရှိ/မရှိ အခြေအနေများအား စစ်ဆေးပြီး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)