ဖြူးမြို့နယ်၌ ကျောင်းသား/ကျောင်းသူများအား လူငယ်ရေးရာအသိပညာပေး ဟောပြော

ဖြူး စက်တင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ရုံးရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန် စာရေးလမ်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတရရှိစေရေးအတွက် ရည်ရွယ်ကာ လူငယ်ရေးရာ အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက်(၁၀) နာရီအချိန်က ဌာနဆိုင်ရာ (၃)ဌာန ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေး ဟောပြောရာတွင် ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက  စားဖတ်ခြင်းအကျိုးကျေးဇူးများအကြောင်း၊ ဖြူးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ယဉ်သူဇာလွင်က လူငယ်နှင့် အခွင့်အလမ်းများအကြောင်းနှင့် ကိုယ်လက်ကြံ့ခိုင်ရေး အားကစားပြုလုပ်ခြင်း အကျိုးကျေးဇူးများအကြောင်း၊ ဖြူးမြို့နယ် စားသုံးသူရေးရာစီးဌာနမှ ဒေါ်သဲစုရည်မွန်က စားသုံးသူအခွင့်အရေးဆိုင်ရာများ၊ စားသုံးသူ ကာကွယ်ပေးရေးဆိုင်ရာ ဥပဒေများ၊ ကုန်အညွှန်း အမှတ်အသားများ အကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍  ကျောင်းသား/ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အသိပညာပေး နံရံကပ်ပြဘုတ်များ ပြသပေးပြီး ဖြူးမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ကိုယ်လက်ကြံ့ခိုင်ရေး အားကစားနည်းများ လက်တွေ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)