ပဲခူး စက်တင်ဘာ ၁၂
ပဲခူးမြို့ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်း က ပဲခူးတိုင်းဒေသကြီးအတွင်း အကြမ်းဖက်သောင်းကြမ်းသူများထံမှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့သည့် လုံခြုံရေးတပ်ဖွဲ့များအား ချီးကျူးဂုဏ်ပြုခြင်း အခမ်းအနား ကျင်းပခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်းတို့က အကြမ်းဖက်သမားများနှင့် ထိတွေ့မှုဖြစ်စဉ်တွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး မိမိတို့လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့သည့်အပေါ် လုံခြုံရေးတပ်ဖွဲ့များအား ချီးမြှင့်ဂုဏ်ပြုစကားများ အသီးသီးပြောကြားခဲ့ကြသည်။
ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ချီးမြှင့်ငွေကျပ် (၁၀၅)သိန်းတိတိနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်း က ချီးမြှင့်ငွေကျပ် (၁၀၅)သိန်းတိတိနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို လည်းကောင်း အသီးသီး ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုခံ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အတူတကွ ရင်းရင်းနှီးနှီး နေ့လယ်စာ သုံးဆောင်ခဲ့ကြပြီး ဖမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများအား ကြည့်ရှုခဲ့ကြသည်။
ခရိုင် (ပြန်/ဆက်)