ဆားလင်းကြီး စက်တင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်စေရန်နှင့် ကူးစက်ပျံ့နှံ့မှုများ မရှိစေရန်ရည်ရွယ်၍ ဆားလင်းကြီး မြို့နယ်အတွင်း ရှိမြို့မစျေးနှင့် ကျေးလက်စျေးများတွင် နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာ၌ မြို့နယ်အတွင်းရှိ စျေးအသီးသီးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် တားဆီး ထိန်းချုပ်နိုင်ရေးအတွက် စျေးဝယ်လာသူများနှင့် စျေးရောင်းချသူများ အပါအဝင် စျေးသို့ လာရောက်သူမှန်သမျှကို ကိုယ်အပူရှိန်တိုင်းတာခြင်း၊ စျေးများတွင် လက်ဆေးဆပ်ပြာနှင့် ဘေစင်များထားရှိခြင်း၊ နှာခေါင်းစည်း(MASK)များ တပ်ဆင်စေခြင်းနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို Hand Speaker များဖြင့် လှည့်လည် ဆော်ဩခြင်း လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း ဆားလင်းကြီးမြို့နယ် စည်ပင် သာယာရေးကော်မတီမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်မြမြဦးထံမှ သိရှိရသည်။
ထို့ပြင် ဆားလင်းကြီးမြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
ဥမ္မာခိုင် (ဆားလင်းကြီး၊ ပြန်/ဆက်)