ဒေးဒရဲမြို့နယ် ဝိနည်းဓိုရ်သင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲ ကျင်းပ

ဒေးဒရဲ စက်တင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် သာသနာသန့်ရှင်းတည်တံ့ ပြန့်ပွားစေရန်၊ သံဃာကိစ္စ သံဃာဆောင်ရွက်ရာတွင် ကျွမ်းကျင်လိမ္မာစွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဒေးဒရဲမြို့နယ် သံဃနာယကအဖွဲ့က ကြီးမှူးဖွင့်လှစ်သော မြို့နယ် ဝိနည်းဓိုရ်သင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီက ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်သံဃနာယက ဆရာတော်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို  နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး တိုင်းသာသနာ့ဝန်ဆောင် မှော်အိုင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနန္ဒသီရိထံမှ တက်ရောက်လာသူမျး သြဝါဒကထာ နာယူခဲ့ကြသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး၊ သာသာနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဖြိုးဇော်ဇော်က သာသနာရေးဆိုင်ရာများ လျောက်ထားခဲ့ပြီး မြို့နယ် သံဃနာယကအဖွဲ့ဝင် ဆရာတော်ကြီးများက သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ် ခဲ့ကြသည်။ ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက သင်တန်း ဖြစ်မြောက်ရေးတွင် ပါဝင်ဆောင်ရွက်သူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပြီး အခမ်းအနားအား ဗုဒ္ဓ သာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် သံဃနာယအဖွဲ့က ကြီးမှူးဖွင့်လှစ်သော မြို့နယ်ဝိနည်းဓိုရ် သင်တန်းကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့မှ (၁၂) ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းမှူးအဖြစ် ဧရာဝတီတိုင်းဒေသကြီး သာသနာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးခင်စိုးက ဝိနည်း ဓမ္မကံ၊ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ် ရာတွင် ဝိနည်းတရားတော် လုပ်ထုံး၊ လုပ်နည်းများအညီ ဖြေရှင်းဆောင်ရွက်နိုင်ရေး၊ သံဃနာယကလက်စွဲနှင့် ဝိနိစ္ဆယလက်စွဲ ပြင်ဆင်ဖြည့်စွက်ချက်များကို သင်ကြားပို့ချ ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းကို မြို့ပေါ်နှင့် ကျေးရွာကျောင်တိုက်များက ဝိနည်းဓိုရ်ဆရာတော်(၂၀)ပါး တက်ရောက်လေ့လာခဲ့ကြောင်း သိရသည်။

အေဇာလင်း

မြို့နယ် (ပြန်/ဆက်)