ဓနုဖြူမြို့တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး ပြည်သူများအား အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်

ဓနုဖြူ  စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေး ကြိုတင်၍ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျေးလက်ဒေသရှိ ပြည်သူများအား အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်မှုကို ယနေ့နံနက် ၇ နာရီက တော်ဝကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများသို့ အခမဲ့ဖြန့်ဝေနိုင်ရေးအတွက် စေတနာရှင်အလှူရှင်များမှ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးပစ္စည်းများကို လှူဒါန်းခဲ့ရာ ဓနုဖြူမြို့နယ်ရှိ ပရဟိတအဖွဲ့မှ သက်ဆိုင်ရာကျေးရွာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဓနုဖြူမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် တတ်နိုင်သမျှ မိမိနေအိမ်တွင်နေထိုင်ကြရန် ၊ လူစုလူဝေး ရှောင်ရှားကြရန် ၊ နေအိမ်အပြင်ထွက်ပါက နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို လိုက်နာရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြပြီး နှာခေါင်းစည်း(Mask)များ၊ အသိပညာပေး လက်ကမ်းစာစောင်များ၊ စတစ်ကာများ အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ထက်ဝေဖြိုး